၂၄  စက်တင်ဘာ

နိုင်ငံခြားခေါင်းဆောင်တစ်ယောက်ကို သောင်းသောင်းဖြဖြ ကြိုဆိုမှုတွေလုပ်နေတဲ့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီနဲ့ ချစ်ကြည်ရင်းနှီးမှုစကားတွေ အပြန်အလှန် ဖလှယ်နေကြတာ ကောင်းမွန်တဲ့လက္ခဏာတစ်ခုကို ရောက်ရှိတော့မယ့် မင်္ဂလာအခါတော်ပေးနေသလိုပါပဲ။

အားပေးကြိုဆို

အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီရောက်လာတဲ့ အထိမ်းအမှတ်အနေနဲ့ စက်တင် ဘာ ၂၂ ရက်က ဟူစတန်မှာ လူပေါင်း ၅၀ဝ၀ဝထက်မနည်း စုရုံးရောက်ရှိလာခဲ့ပုံကို အမေရိကန်သမ္မတ ထရမ့်ကတော့ သမိုင်းတွင်မယ့် ကိစ္စတစ်ခုပဲလို့ သုံးသပ်ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာတဲ့ နိုင်ငံခြားခေါင်းဆောင်တွေအနက် အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ ကြိုဆိုပွဲအခမ်းအနားဟာလည်း ပြောစမှတ် တစ်ခုလို ဖြစ်ခဲ့ပါတယ်။ သူ့ကို အမေရိကန်ပြည်သူတွေက တစ်ခဲနက် အားပေးကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။

ဝမ်းမြောက်ဝမ်းသာဖြစ်

အမေရိကန်ရဲ့ သောင်းသောင်းဖြဖြကြိုဆိုမှုကို ရရှိထားတဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စိမ်းကားမှုအနည်းငယ်နဲ့ ရင်ဆိုင်ကောင်း ရင်ဆိုင်ရနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိန္ဒိယပိုင် ကက်ရှ်မီးယားအရေး တင်းမာမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ရကောင်း ရင်ဆိုင်ရနိုင်ပါတယ်။ အိန္ဒိယဟာ ကက်ရှ်မီးယားကို အိန္ဒိယပိုင်ပြန်လည်ပြုလုပ်မယ်လို့ ကတိပေးလိုက်တာနဲ့ ပတ်သက်ပြီးတော့ မကျေနပ်မှုလေးတွေ အနည်းငယ်ရှိနေပါတယ်။

ကုန်သွယ်ရေးဆွေးနွေးမှုတွေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ အရေးတွေဟာ အမေရိကန်ပြည်ထောင်စုကို တစ်ပတ်ကြာလာရောက်တဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ တကယ့်အရေးကြီးတဲ့ ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို အိန္ဒိယဝန်ကြီးချုပ် မိုဒီရောက်လာတဲ့ အထိမ်းအမှတ်အနေနဲ့ မိနစ် ၉၀ ကြာအခမ်းအနားတစ်ခုမှာ အမေရိကန်သမ္မတ ထရမ့်က မိမိအနေနဲ့ အခုလိုမျိုး အမေရိကန်ရဲ့ အကြီးမြတ်ဆုံးနဲ့ သစ္စာအရှိဆုံးမိတ်ဆွေနဲ့အတူ တက္ကဆက်မှာ အတူတူရှိနေတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း ပြောကြားလိုက်ပါတယ်။

ကောင်းမွန်တဲ့အနေအထား

အိန္ဒိယဝန်ကြီးချုပ် မိုဒီက အိန္ဒိယနိုင်ငံအတွက် အိမ်ဖြူတော်မှာ တကယ့်မိတ်ဆွေကောင်းရှိကြောင်းနှင့် အမေရိကန်သမ္မတ ထရမ့်ကိုလည်း နွေးထွေး၊ နှစ်လိုဖွယ်ကောင်း၊ တက်ကြွမှုရှိပြီး၊ အာဝဇ္ဇန်းကောင်းကြောင်း ချီးကျူးပြောကြား လိုက်ပါတယ်။ စီအီးအိုမှ ကာကွယ်ရေးဦးစီးချုပ်အထိ၊ ဒါရိုက်တာအဖွဲ့ဝင်များ ဆွေးနွေးခန်းမှသည် ဘဲဥပုံရုံးခန်းအထိ၊ စတူဒီယိုမှသည် ကမ္ဘာ့ဇာတ်ခုံအထိ နေရာတိုင်းမှာ သမ္မတထရမ့်ဟာ ခိုင်မာတဲ့စွမ်းဆောင်မှုတွေကိုသာ ချန်ထားခဲ့ကြောင်း မိုဒီက ပြောကြားလိုက်ပါတယ်။ အခုလိုမျိုး အိန္ဒိယ ဝန်ကြီးချုပ် မိုဒီရဲ့ အမေရိကန်ခရီးစဉ်မှာ အမေရိကန် ပြည်သူတွေက အခုလို သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တာကိုကြည့်ရင် နှစ်နိုင်ငံကြား ရင်းနှီးကျွမ်းဝင်မှုဟာ အတိုင်းထက်အလွန်ကောင်းမွန်တာကို ပြသပြီး နှစ်နိုင်ငံခေါင်းဆောင်တွေအတွက် အလွန်ကောင်းမွန်တဲ့အနေအထားတစ်ခုလည်း ဖြစ်ပါတယ်။

ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ

အခုလိုမျိုး တက္ကဆက်ပြည်နယ်မှာ မိုဒီကို ကြိုဆိုလိုက်တာဟာ အမေရိကန်သမ္မတ ထရမ့်အတွက် လာမယ့် ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ပြယုဂ်ကောင်း တစ်ခုဖြစ်လာနိုင်သလို မိုဒီကို လက်ခံခဲ့တဲ့ တက္ကဆက်ပြည်နယ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတထရမ့်အတွက် အဓိက ယှဉ်ပြိုင်မှုပြုလုပ်ရမည့် မဲဆန္ဒနယ်လည်း ဖြစ်လာမယ့် အခြေအနေဖြစ်ပါတယ်။ တစ်ဖက်ကလည်း မိုဒီအနေနဲ့ အမေရိကန်သမ္မတ ထရမ့်နဲ့ ရင်းနှီးကျွမ်းဝင်လာတဲ့အတွက် ကက်ရှ်မီးယားအရေးဟာ နိုင်ငံတကာက ထင်သလို ဝင်ရောက်ခြယ်လှယ်လို့ရမယ့် အနေအထား မဟုတ်လောက်ဘူးလို့ သုံးသပ်ရပါတယ်။ အခုခေါင်းဆောင်နှစ်ဦး တွေ့ဆုံတဲ့ အခြေအနေဟာ တစ်ဦးနဲ့တစ်ဦး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုတဲ့ သဘောလည်း သက်ရောက်နေပါတယ်။ အမေရိကန်သမ္မတ ထရမ့်ဟာ အိန္ဒိယ-အမေရိကန် အသိုက်အဝန်းသို့လည်း သွားရောက်လည်ပတ်ခဲ့ပြီး အမေရိကန်နိုင်ငံသားတွေအဖြစ် အခုလိုတွေ့ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားလိုက်ပါတယ်။

သံတမန်ရေးရာအမြင် ထက်မြက်

နိုင်ငံတိုင်းဟာ မိမိတို့ရဲ့ နယ်စပ်ဒေသတွေကို ဘေးကင်းလုံခြုံအောင် ထိန်းသိမ်းဖို့လိုအပ်ကြောင်း သမ္မတ ထရမ့်က ပြောကြားလိုက်ပြီး အမေရိကန်-မက္ကဆီကို နယ်စပ်အရေး တင်းမာမှုတွေနဲ့ အိန္ဒိယ-ပါကစ္စတန်တို့ ကက်ရှ်မီးယားဒေသကြောင့် တင်းမာမှုတွေကို နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။ အိန္ဒိယနဲ့ အမေရိကန် နှစ်နိုင်ငံလုံးဟာ မိမိတို့ရဲ့ ပတ်ဝန်းကျင်ကို ဘေးကင်းစိတ် ချရအောင်လုပ်ရမယ့် တာဝန်တွေရှိတယ်။ မိမိတို့ဟာ မိမိတို့ရဲ့ နယ်စပ်ကို ကာကွယ်ရမယ်လို့ အမေရိကန်သမ္မတ ထရမ့်က ပြောကြားလိုက်ပါတယ်။ အိန္ဒိယမှာလည်း လူထုကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ ထို့အတူ လူထုက ဘာတွေလုပ်သလဲဆိုတာနဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ အချိန်နဲ့ တစ်ပြေးညီ ဖော်ပြထားကြောင်း၊ တချို့သတင်းတွေဟာ အချိန်ကာလတစ်ခုအထိ ခေါင်းကြီးသတင်း အဖြစ်ဖော်ပြနေကြောင်း သမ္မတထရမ့်က ပြောကြားပါတယ်။ တွစ်တာမှာလည်း လူတွေအကုန်လုံးက အိန္ဒိယဝန်ကြီးချုပ် မိုဒီရောက်လာတဲ့အချိန်နဲ့ တစ်ပြေးညီ သတင်းအချက်အလက်တွေကို ဝေမျှလျက်ရှိကာ ကောင်းမွန်တဲ့ မှတ်ချက်တွေပေးလျက်ရှိကြောင်း ထရမ့်က ပြောပါတယ်။ အမေရိကန်ပြည်သူတွေက အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ခေါင်းဆောင်မှု ကောင်းမွန်ကြောင်းနဲ့ သံတမန်ရေးရာအမြင် ထက်မြက်ကြောင်း ချီးကျူးထောမနာ ပြုကြပါတယ်။

မကြာမီ ပြည့်ဝလာမယ်

အမေရိကန်မြေမှာ အခုမိုဒီကို ထောက်ခံကြိုဆိုသလို ထောက်ခံကြိုဆိုမှုမျိုး ဘယ်အိန္ဒိယဝန်ကြီးချုပ်မှ မရခဲ့ပါဘူး။ လွန်ခဲ့တဲ့ ငါးနှစ်က အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ အမေရိကန်မြေပေါ် ပထမဆုံးခြေချခဲ့ပါသေးတယ်။ မိုဒီဟာ များမကြာမီအချိန်မှာ အမေရိကန်ရဲ့ မိတ်ဖက်ခေါင်းဆောင်ကောင်းတစ်ဦးဆိုတဲ့ ပုံစံကိုလည်း ပြသချင် နေပါတယ်။ မိမိမှာ စိတ်ကူးအိပ်မက်တွေရှိတယ်လို့ မိုဒီက ဒေါက်တာ မာတင်လူသာ ကင်းနဲ့ မဟတ္တမဂနီ ́လို ဟစ်ကြွေးခဲ့ပါသေးတယ်။ ဘယ်လိုပဲဆိုဆို အခုလိုမျိုး အမေရိကန်နဲ့ အိန္ဒိယနှစ်နိုင်ငံတို့အနေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ထူထောင်နိုင်တာဖြင့် လာမည့်အနာဂတ်မှာ ခေါင်းဆောင်နှစ်ဦးတို့ရဲ့ မျှော်မှန်းချက်တွေ မကြာမီ ပြည့်ဝလာမယ့်သဘောမျိုးပဲ ဖြစ်ပါတယ်။ ။

ထွန်းသစ်စ

ကိုးကား - ဘီဘီစီ