နေပြည်တော် မေ ၄

 

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည် စီးဆင်းမှုများ ရပ်တန့်စေရေးနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်သူများ စိတ်အေးချမ်းသာစွာ ခရီးသွားလာ နေမှုများကို မလိုလား၍ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းနှင့် အကြမ်းဖက် လုပ်ရပ် အမျိုးမျိုးကို ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်လျက်ရှိသည်။

 

ထိုသို့ လုပ်ဆောင်လျက်ရှိရာ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့ နံနက် အစောပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ်၊ ၁၃၅/၇ နှင့် ၁၃၆ အကြား အရှည် ၃၇ ပေ၊ အကျယ် ၄၈ ပေ၊ ခံနိုင်ဝန်တန် ၆၀ ရှိ သံကူကွန်ကရစ် အမျိုးအစား တံတားအမှတ် (၄/၁၃၆) အား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် အဆိုပါ သံကူကွန်ကရစ်တံတားမှာ ကမ်းကပ်ခုံအနီးမှ အထက်ပိုင်းကျိုးကျပျက်စီးခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ နိုင်မှုမရှိကြောင်းနှင့် ထိုသို့ ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

mdn

 

အဆိုပါ သံကူကွန်ကရစ် တံတားအား KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် တစ်ကြိမ်၊ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် တစ်ကြိမ် မိုင်းထောင် ဖောက်ခွဲခဲ့ပြီး ယနေ့ဖောက်ခွဲခဲ့မှုမှာ တတိယအကြိမ်မြောက် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ ထိုသို့မိုင်းထောင် ဖောက်ခွဲမှုကြောင့် မော်တော်ယာဉ်များ၊ ဆေးရုံကားများ၊ ကျောင်းကားများ၊ ဈေးကားများသွားလာနိုင်မှုမရှိဘဲ ပြည်သူလူထုမှ ၎င်းတို့၏လုပ်ရပ်အပေါ် လွန်စွာ ရွံမုန်းလျက် ရှိကြောင်း သိရှိရပြီး မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများကို လိုအပ်သည့် တုံ့ပြန်မှုများ ပြုလုပ်နိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်