ကျွန်းလှ ၉ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ကြာတကန်ကျေးရွာတွင် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာမီးလင်းရေးဖွင့်ပွဲကို မတ် ၈ ရက်က ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်းနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လင်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးစိုးနိုင်တို့က အမှာစကားများ အသီးသီးပြောကြားကြပြီး မြို့နယ်လျှပ်စစ်ဦးစီးမှူးဦး ဇော်ထွန်းသန်းက အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP)ဖြင့် ဆောင်ရွက်ပေးမှု အခြေအနေနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအကြောင်း အသိပညာပေး ပြေကြားကာ ကျေးရွာမီးလင်းရေးကော်မတီဝင် ဦးမြသာက ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါ ကျေးရွာမီးလင်းရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အရှည် ၁ ဒသမ ၈ မိုင်၊ 100 KVA ထရန်စဖော်မာ တစ်လုံးကို Healther Light ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ယခုအခါ မီးလင်းနေပြီ ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)