ကျွန်းလှ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မြို့မ (KC) နယ်မြေအတွင်း စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများအား ပိုးမွှားကျရောက်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးတာဝန်ခံနှင့် ကွင်းတာဝန်ခံများက စပါးခင်းများ ပိုးမွှားကျရောက်မှု၊ အပင်ဖြစ်ထွန်းနေမှု၊ ပေါင်းမြက်ရှိမရှိ တို့ကိုကြည့်ရှုစစ်ဆေးပြီး တောင်သူများတွေ့ဆုံ၍ လိုအပ်သည်များ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
“မိုးစပါးကို ဇူလိုင်လက စတင် စိုက်ပျိုးကြပါတယ်။ စိုက်ပျိုးပြီး နှစ်လသား အရွယ် စပါးခင်းများအတွင်း ဆစ်ပိုး၊ ရွက်လိပ်အိမ်ပိုး စသည့် ပိုးမွှားများ ကျရောက်တတ်ပါတယ်။ ပိုးမွှားကြိုတင်ကာကွယ်ရေးအတွက် သဘာဝပိုးပြေးဆေး၊ ပိုးနှင်ဆေး၊ တမာပိုးသတ်ဆေးတို့ကို အသုံးပြုနိုင်ပါတယ်။ စီးပွားရေးထိခိုက်နိုင်သည့်အဆင့် ပိုးမွှားကျရောက်ပါက ဓာတုဆေး တစ်မျိုးမျိုးကို နှုန်းထားမှန်ကန်စွာ စနစ်တကျအသုံးပြုနိုင်ပါတယ်။ ဘက်စုံပိုးမွှားကာကွယ်နှိမ်နည်း စနစ်ကိုလိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။ စပါးခင်းများ ပေါင်းထိုးခြင်း၊ သမန်းနိုးခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျသုံးစွဲခြင်းဖြင့် အထွက်နှုန်း ပိုမိုရရှိမည်ဖြစ်ပါတယ်” ဟု မြိုနယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးစပါး ၃၄၈၉၅ ဧက လျာထားစိုက်ပျိုးပြီးကြောင်း၊ မိုးစပါးတင်း ၁၀၀ ထွက်ရှိရေး စံပြကွက်၊ ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စိုက်နည်းစနစ် စံပြကွက်၊ မျိုးစေ့ထုတ် စံပြကွက်များ စိုက်ပျိုးထားကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)


