ကျွန်းလှ ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုနှစ်မိုးစပါးသီးနှံ ဧက ၃၄၀၀၀ ကျော် လျားထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောသည်။
ဒေသခံတောင်သူများ၏ လယ်ယာမြေများတွင် မိုးကောင်းသောက်ဖြစ်သော်လည်း မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် ချောင်းပိတ်၊ မြောင်းပိတ်နှင့် မြေအောက်ရေတင်ပြီး ပျိုးထောင်ခြင်း၊ မြေယာထွန်ယက်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးစပါးသီးနှံ အထွက်နှုန်းကောင်းမွန်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုပစ္စည်းများ ဖြန့်ဖြူးထောက်ပံ့ခြင်း၊ ပိုးမွှားကျရောက်မှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မလိုအပ်ဘဲ ပိုးသတ်ဆေးမသုံးစွဲရေး၊ သဘဝမြေဩဇာသုံးစွဲရေး၊ GAP လက်မှတ်ရရှိရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များ ကွင်းဆင်းအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၊ မိုးစပါး(၃၄၈၉၅)ဧက၊ ပဲမျိုးစုံ(၁၄၄၅၈)ဧက၊ ကြံသီးနှံ(၂၅၃၉)ဧက၊ ဆီထွက်သီးနှံ(၅၈၂၄)ဧက၊ အခြားသီးနှံ(၁၅၃၅၉)ဧက၊ နှစ်ရှည်ပင်(၁၅၄၉)ဧက စုစုပေါင်း (၇၄၆၂၄)ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးစီးဌာနမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


