ကျွန်းလှ၊ ၁၀ ဇွန်
စစ်းကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် ဟင်းသီးဟင်းရွက်သီးနှံများကို ချောင်းရေတင်စိုက်ပျိုးလျက်ရှိရာ ရုံးပတီသီးများဈေးကောင်းရ၍ မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။
“ရုံးပတီသီးနှံကို တန်ခူးလမှစတင်ပြီး (၀ ဒသမ ၂၅) ဧကအား ချောင်းရေတင်စိုက်ပျိုးထားပါတယ်။ မျိုးဖိုး၊ မြေဩဇာဖိုး၊ ထွန်ယက်ခ၊ ဆေးဖိုး၊ လုပ်အားခအပါအဝင် ငွေကျပ် ၁၀၀၀၀၀ ကုန်ကျပါတယ်။ စိုက်ပြီး တစ်လအကြာ အသီးများကောက်ယူရပါတယ်။ တစ်ရက် အသီးကောက်ရင် ၂၅ ပိဿာကျော်ရရှိပြီး တစ်ပိဿာ ငွေကျပ် ၈၀၀ ဈေးရောင်းရပါတယ်။ မိသားစုအတွက် နေ့စဉ်ဝင်ငွေကျပ် ၂၀၀၀၀ ရရှိပါတယ်” ဟု ရုံးပတီစိုက်တောင်သူ ဦးနိုင်က ပြောပြသည်။
အဆိုပါ ရုံးပတီသီးနှံကို ယခင်က နေအိမ်ခြံဝင်းများအတွင်း မိသားစုစားသုံးရန် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသော်လည်း ယခုအခါယာမြေများတွင် ချောင်းရေတင်ပြီး ရာသီမရွေးစီးပွားဖြစ် စိုက်ပျိုးလာခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)


