ကျွန်းလှ ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးရာသီ၌ စိုက်ပျိုးခဲ့သော မိုးစပါး ၃၄၀၉၃ ဧက ရာနှုန်းပြည့်ရိတ်သိမ်းပြီး ပျမ်းမျှ တစ်ဧက ၇၃ ဒသမ ၄၇ တင်းထွက်ရှိ၍ ၂၅၀၄၈၁၃ တင်းထွက်ရှိကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း မိုးစပါးကို ချောင်းပိတ်၊ မြောင်းပိတ်၊ မြေအောက်ရေတင်ပြီး ဘောင်ပျိုး၊ ရိုးရိုးပျိုးထောင်နဲ့ မျိုးစေ့တိုက်ရိုက်ချ စနစ်တို့ဖြင့် ပျိုးထောင်စိုက်ပျိုးကြပါတယ်။ ဒီနှစ် မိုးစပါးစိုက်ပျိုးရန် ၂၉၄၉၂ ဧကလျာထားခဲ့သော်လည်း ၃၄၀၉၃ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။
ယခုနှစ် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်း မျိုးသန့်များဖြန့်ဖြူးပေးခြင်း၊ နည်းပညာပေးသင်တန်းများဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြပွဲများကျင်းပခြင်း၊ ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာရောင်းချခြင်း စသည့်စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ပညာပေးဆောင်ရွက်ခဲ့သည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ဧရာမင်း ၁၄၄၁၇ ဧက၊ မနောသုခ ၉၃၃၈ ဧက၊ ဆင်းသုခ ၇၃၈၇ ဧက၊ ရွှေသွယ်ရင် ၂၈၅၁ ဧက၊ စုစုပေါင်း ၃၄၀၉၃ ဧကဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)