ကျွန်းလှ ၁၇ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူးဖွင့်လှစ်သည့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ ပညာပေးသင်တန်းကို စက်တင်ဘာ(၁၆)ရက် နံနက်ပိုင်းက ကျွန်းလှမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးငြိမ်းက ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုရေး/ အခြေခံမဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စွာ ရေးသွင်းနိုင်ရေး/ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ဖွဲ့စည်းပုံ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များအား သိရှိစေရန် သင်တန်းဖွင့်လှစ်ခြင်း ဖြစ်ကြောင်းရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် ဦးကျော်စိုးက အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာများအကြောင်း ဆွေးနွေးပြီး တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားကြကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ကျွန်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


