ကျွန်းလှ ၁ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံအဖြစ်‌ မြေပဲ၊ နှမ်း၊ နေကြာနှင့် ပန်းနှမ်းများစိုက်ပျိုးကြပြီး ဆောင်းမြေပဲများ ဖြစ်ထွန်းအောင်မြင်နေကြကြောင်း သိရသည်။

“ဒီနှစ်ဆောင်းမြေပဲ သုံးဧကစိုက်ပျိုးထားပါတယ်၊ တစ်ဧကအဆံနှစ်တင်း စိုက်ပျိုးပြီး မျိုးတစ်တင်း ငွေကျပ်(၅၀၀၀၀) ပေးရပါတယ်။ မျိုးဖိုး၊ ထွန်ယက်ခ၊ မြေဩဇာ၊ ဆေးဖိုး၊ အလုပ်သမားခ အပါအဝင် တစ်ဧက ငွေကျပ်(၃၀၀၀၀၀)ခန့် ကုန်ကျပါတယ်။ ယခုနှစ် မြေပဲခင်းများဖြစ်ထွန်းနေ၍ ယခင်နှစ်ကထက် အထွက်နှုန်း ကောင်းနိုင်ပါတယ်ဟု” လယ်လှကျေးရွာနေ တောင်သူဦးမိုးက ပြောပြသည်။

တောင်သူများဖြင့် အကျိုးတူပူးပေါင်းပြီး မျိုးကောင်းမျိုးသန့် ပြန့်ပွားရေးအတွက် မျိုးစေ့ထုတ်ကွက်များ စိုက်ပျိုးထားကြောင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ စနစ်တကျ သုံးစွဲရေး၊ စိုက်ပျိုးရေးနည်းပညာပေးခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)