ကျွန်းလှ   ၂၁  သြဂုတ် 

            
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်တွင် မိုးအစေ့ထုတ်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။


မိုးအစေ့ထုတ်ပြောင်းကို မေလကုန် မိုးရွာသွန်းသည်နှင့် စတင်စိုက်ပျိုးကာ ယခုနှစ် အပင်ပေါက်ချိန်တွင် ဖောငမြှောင်တောင်ပိုး ကျရောက်ခဲ့၍ ဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်းပြီး သဘာဝပိုးသတ်ဆေး၊ ဓာတု ပိုးသတ်ဆေးတို့ဖြင့် သုံးကြိမ်ခန့် နှိမ်နင်းခဲ့ရကြောင်း၊ ပိုးလုံးဝ ပျောက်ကင်းခြင်း မရှိသေးသော်လည်း ပြောင်းခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။


ကျွန်းလှမြို့နယ်တွင် စပါး၊ မြေပဲ၊ နှမ်း၊ ပဲဇင်းငုံ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲ အမျိုးမျိုးတို့ စိုက်ပျိုးကြပြီး အစေ့ထုတ်ပြောင်းကို မိုးနှင့် ဆောင်းရာသီများ၌ စိုက်ပျိုးကြကြောင်း သိရသည်။


မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ပြောင်းစိုက်တောင်သူများအား နည်းပညာပေးခြင်း၊ သဘာဝ ပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း လက်တွေ့ပြသခြင်းနှင့် မိုးမွားကျရောက်မှု မရှိစေရန် စိုက်ခင်းများအရောက် စောင့်ကြည့်ခြင်း ဆောင်ရွက်ပေးလျက်ရှိပြီး ကျွန်းလှမြို့နယ်တွင် မိုးအစေ့ထုတ်ပြောင်း (၁၃၈၁၄)ဧက စိုက်ပျိုးထားကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မျိုးဝင်းညို(ကျွန်းလှ)