ကျွန်းလှ ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နှမ်း၊ နေကြာ သီးနှံများ စိုက်ပျိုးကြပြီး မြေပဲကို မိုးမြေပဲနှင့် ဆောင်းမြေပဲဟူ၍ ရာသီအလိုက်စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“မိုးမြေပဲကို မိုးရွာသွန်းမှုအပါ်မူတည်ပြီး ဇွန်လဆန်းမှစတင်၍ နှစ်စဉ်စိုက်ပျိုးပါတယ်။ တစ်ဧကမျိုးစေ့ တစ်တင်းခွဲစိုက်ပျိုးပြီး မျိုးတစ်တင်းငွေကျပ် ၄၀၀၀၀ ပေးရပါတယ်။ မျိုးဖိုး၊ ထွန်ရက်ခ၊ လုပ်အားခ၊ ဆေးဖိုးနှင့် မြေဩဇာဖိုးငွေကျပ်(၃)သိန်းကျော် ကုန်ကျပါတယ်။ ယခင်နှစ်က မိုးခေါင်ဒဏ်ကြောင့် အထွက်နှုန်းလျော့ခဲ့ပါတယ်။ ဒီနှစ်တော့ မိုးရွာသွန်းမှုကြောင့် မြေပဲစိုက်ခင်း အောင်မြင်နေပါတယ်”ဟု ကြာတကန်ကျေးရွာ မြေပဲစိုက်တောင်သူ ဦးမြသာက ပြောသည်။
ကျွန်းလှမြိုနယ်တွင် ယာမြေဧက ၄၈၀၀၀ ကျော်ရှိပြီး မိုးမြေပဲ(၅၈၂၄)ဧက စိုက်ပျိုးကြောင်း၊ ဒေသခံတောင်သူများ မျိုးကောင်းမျိုးသန့်ဖြန့်ဖြူးနိုင်ရန် မျိုးစေ့ထုတ်စံပြကွက်ဧက(၅၀) စိုက်ပျိုးမည် ဖြစ်ကြောင်း၊ မြေပဲစိုက်ခင်းများတွင် ကျရောက်တတ်သော ရွက်လိပ်၊ ရွက်ကပ်ပိုးကာကွယ်ရန် သဘာဝ ပိုးသတ်ဆေး၊ ပိုးနှင်ဆေး၊ တမာပိုးသတ်ဆေးအသုံးပြုကြရန်လိုကြောင်း၊ ဘက်စုံကာကွယ်ရေးနည်း စနစ်များနှင့်စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ စိုက်ခင်းများအရောက် တောင်သူပညာပေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
မျိုးဝင်းညို(ကျွန်းလှ)


