ကျွန်းလှမြို့နယ်တွင် ပန်းမုံလာများ ဈေးကောင်းရ၍ တောင်သူများအဆင်ပြေ

ကျွန်းလှ ဇန်နဝါရီ ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် ချောင်းရေတင်စိုက်ပျိုးသော ပန်းမုံလာများ ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

 

“ကျွန်တော် စိုက်ပျိုးရေးလုပ်ကိုင်လာတာ အနှစ် ၂၀ ကျော်ပါပြီ။ ဒီနှစ် ဆောင်းသီးနှံ ပန်းမုံလာ အပင် ၂၀၀၀ စိုက်ပျိုးထားပါတယ်။ သွင်းအားစုပစ္စည်းတွေလည်း ဈေးတက်တော့ ကုန်ကျစရိတ်များပါတယ်။ မျိုးဖိုး၊ မြေဩဇာဖိုး၊ ဆေးဖိုး၊ အလုပ်သမားခ အပါဝင် အပင် ၂၀၀၀ ကို ငွေကျပ် တစ်သိန်းကျော် ကျန်ကျပါတယ်။ ယခင်နှစ်က ပန်းမုံလာတစ်ပွင့် ငွေကျပ် ၅၀၀ ခန့်ရောင်းရသော်လည်း ယခုနှစ်မှာ ငွေကျပ် ၉၀၀ ရောင်းရပါတယ်။ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းဖြင့် လပိုင်းအတွင်း ဝင်ငွေရရှိတဲ့အတွက် စိုက်ပျိုးသင့်ပါတယ်”ဟု တောင်သူ ဦးဇော်နိုင်က ပြောပြသည်။

 

ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံအဖြစ် ပန်းမုံလာ၊ မုံလာထုတ်၊ ကန့်လန့်၊ ငရုတ်၊ မုံးညှင်း၊ ရုံးပတီ၊ ခရမ်း၊ ခရမ်းချဉ်၊ ခဝဲ၊ ပြောင်းချိုနှင့် ပန်းအမျိုးမျိုးတို့ကို ချောင်းရေ၊ မြောင်းရေနှင့် မြေအောက်ရေတင်ပြီး စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)