ကျွန်းလှမြို့နယ်တွင်မိုးစပါးတိုက်ရိုက်မျိုးစေ့ချအတန်းလိုက်စိုက်နည်းစနစ်ပြသ
ကျွန်းလှ ၁ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာနေ တောင်သူ ဦးသိန်းဝင်း၏ လယ်မြေနှစ်ဧကတွင် ဇူလိုင်(၁)ရက် နံနက်(၇)နာရီက မိုးစပါးတိုက်ရိုက် မျိုးစေ့ချအတန်းလိုက် စိုက်နည်းစနစ် လက်တွေ့ပြသခဲ့ကြောင်း သိရသည်။
“မိုးစပါး တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးရာတွင် ပြောင်းလဲလာသည့်ရာသီဥတုနှင့်အညီ ဒေသနှင့် ကိုက်ညီသော ဈေးကွက်ဝင်သက်တန်းတို ရေငတ်ဒဏ်ခံ စပါးမျိုးရွေးချယ်စိုက်ပျိုးသင့်ကြောင်း၊ အတန်းလိုက် စိုက်ပျိုးခြင်းဖြင့် ပေါင်းမြက်ရှင်းလင်းရလွယ်ကူပြီး လုပ်အားခသက်သာမည်ဖြစ်ကြောင်း၊ ရေသုံးစွဲမှုနည်းခြင်း၊ ရိတ်သိမ်းချိန်စောခြင်း၊ ကြားထွန်ဝင်နိုင်ခြင်း၊ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ နေရောင်ခြည်ကောင်းစွာရရှိခြင်းတို့ကြောင့် ပိုးမွှားကျရောက်မှုနည်းပြီး အထွက်နှုန်းပိုမိုရရှိမည်ကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီ ကရှင်းလင်းပြောကြားသည်။
ကျွန်းလှမြို့နယ်တွင်မိုးစပါးကို တိုက်ရိုက်မျိုးစေ့ချနှင့် ပျိုးထောင်စနစ်တို့ဖြင့် မနောသုခ၊ ရွှေသွယ်ရင်၊ ဧရာမင်း မျိုးစပါးများ စိုက်ပျိုးကြကြောင်း၊ ယခုနှစ်မိုးစပါး(၃၄၈၉၅)ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)



