ကျွန်းလှ   အောက်တိုဘာ   ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ ကွင်းအမှတ် ၄၉၆ တောင်သူ ဦးကြည်ဝင်း၏ ယာမြေ ဧကတွင် အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက မိုးနှောင်း ချည်မျှင်ရှည်ဝါ စိုက်ပျိုးနည်း လက်တွေ့ပြသခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လက်တွေ့ပြသရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ဝါသီးနှံကို တစ်နှစ်ပတ်လုံး မိုးကြို၊ မိုး၊ မိုးနှောင်း ရာသီသုံးမျိုးလုံး စိုက်ပျိုးနိုင်ကြောင်း၊ ဝါစိုက်ပျိုးရာတွင် ကျင်းတစ်ကျင်း မျိုးသန့်ဝါစေ့ သုံး စေ့ထက်မပိုဘဲ စိုက်ပျိုးရကြောင်း၊ တစ်ဧက သတ်မှတ်အပင်ရေ ပြည့်မီစေရန် အတန်းလိုက် စနစ်တကျ ဆောင်ရွက်ရပြီး သုံးပေပတ်လည် နှစ်ပင်ချန်စနစ်ဖြင့် စိုက်ရကြောင်း၊ ဝါစိုက်ခင်းအတွင်း သဘာဝ မြေဩဇာ နွားချေး၊ ကွန်ပေါင်းနှင့် ယူရီးယားတို့ကို တွဲဖက်အသုံးပြုပြီး ပေါင်းမြက်ကင်းရှင်းရန် လိုအပ်ကြောင်း၊ ပန်းစပွင့်ချိန်နှင့် ဝါသီးကြီးထွားချိန်၌ အစိုဓာတ် လုံလောက်စွာရရှိရန် လို‌အပ်ကြောင်း၊ ပိုးမွှားကျရောက်မှု ကာကွယ်ရေးအတွက် သတ်မှတ်နှုန်းထားအတိုင်း ဆေးဖျန်းပေးရကြောင်း တောင်သူများအား ရှင်းလင်းပြောကြားသည်။

ကျွန်းလှမြိုနယ်တွင် မိုးနှောင်းချည်မျှင်ရှည် ဝါသီးနှံကို ငွေချည် - ၆၊ ငွေချည် - ၁၁၊ ရွှေတောင် - ၈၊ ရွှေတောင်- ၁၀ မျိုးများ စိုက်ပျိုးကြကြောင်း၊ ဝါမျိုးစေ့များ ထောက်ပံ့ပေးထားကြောင်း၊ ဝါစိုက်ပျိုးခြင်းဖြင့် တောင်သူတစ်ဦးချင်း ဝင်ငွေတိုးပွားပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)