ကျွန်းလှ ၁၂ စက်တင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြု စီမံကိန်းကျေးရွာ ဖွံဖြိုးရေး အစီအစဉ်များ အကောင်အထည်ဖော် ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲက ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့ ရွှေကျွန်းသာခန်းမ၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လင်း၊ ကန့်ဘလူခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးတင်ထူးမောင်တို့က အမှာစကား ပြောကြားပြီး လူထုဗဟိုပြု စီမံကိန်း နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်လှချောအေးက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ စီမံကိန်းဖြင့် ကျေးရွာများ ဖွံ့ဖြိုးရေး အစီအစဉ်ဆောင်ရွက်ခဲ့မှုနှင့် ရလဒ်များအကြောင်း ရှင်းလင်းပြောကြားသည်။
ဆွေးနွေးပွဲတွင် အခြေခံ အဆောက်အဦဆိုင်ရာ လုပ်ငန်းများ၊ လူမှုစီးပွားကဏ္ဍဆိုင်ရာ လုပ်ငန်းများ၊ (စား၊ ဝတ်၊ နေရေး) လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် အခြားလုပ်ငန်းများအား အဖွဲ့(၄)ဖွဲ့ခွဲ့ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီများ၊ ဖတ်ကြားထားသူများတက်ရောက်ကြကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ကျေးအုပ်စု(၃၄)အုပ်စု၊ ကျေးရွာပေါင်း(၁၁၄)ရွာရှိပြီး၊ လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)၌ ကျေးရွာ(၁၀၅)ရွာအား ပညာရေး၊ ကျန်းမာရေး၊ လမ်း၊ တံတား၊ ဘက်စုံသုံးခန်းမ၊ မီးလင်းရေလုပ်ငန်း(ခွဲ)ပေါင်း (၁၁၂)ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးနမှသိရသည်။
မျိုးဝင်းညို(ကျွန်းလှ)


