ကျွန်းလှ ၁၉ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာအုပ်စု တပ်ကုန်းကျေးရွာ ကွင်းအမှတ် (၄၉၅) တောင်သူငါးဦး၏ လယ်မြေ(၇)ဧကတွင် ယနေ့ နံနက် ၈ နာရီက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
သစ်စိမ်းမြေဩဇာ သုံးစွဲခြင်းဖြင့် မြေဆီလွှာအာဟာရဓာတ်များ တိုးပွားလာပြီး ဓာတ်မြေဩဇာ သုံးစွဲမှု လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာသုံးစွဲမှု လျှော့ချသည့်အတွက် ထုတ်လုပ်မှု စရိတ်သက်သာမည် ဖြစ်ကြောင်း၊ မြေဆီလွှာများ ပိုမိုတိုးတက် ကောင်းမွန်လာ၍ အထွက်နှုန်း တိုးတက်မည် ဖြစ်ကြောင်း တောင်သူများအား မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ရှင်းလင်း ပြောကြားသည်။
ကျွန်းလှမြို့နယ်တွင် နည်းပညာပေး စခန်းများ ဖွင့်လှစ်ပြီး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပညာပေး ဆောင်ရွက်လျှက်ရှိကြောင်း၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စံပြကွက်ဧက ၃၀ စိုက်ပျိုးထားကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


