“အာရောဂျုံ၊ ပရမံ၊ လာဘံ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်။ ကျန်းမာခြင်းလာဘ်ကြီးကို လက်ဝယ်ပိုင်ပိုင်ရရှိထားပါမှ လူဖြစ်ရကျိုး နပ်ပေလိမ့်မည်။ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်နိုင်ပါမှ အကျိုးကြီးမားသော ဆုလာဘ်ကြီးကို ရရှိနိုင်မည်ဖြစ်သည်။ တစ်နည်းဆိုလျှင် အနာရောဂါ ကင်းဝေးအောင် နေထိုင်နိုင်ပါမှ ကျန်းမာချမ်းသာသောဘဝကို ပိုင်ဆိုင်နိုင် မည်ဖြစ်သည်။
အနာရောဂါကာကွယ်နိုင်သော နည်းလမ်းကောင်းမှာ ကျန်းမာရေးနှင့် ညီညွတ်သော အပြုအမူအနေအထိုင် အလေ့အထများကို အစဉ်အမြဲ ကျင့်ကြံနေထိုင်လုပ်ကိုင်သွားရန်ဖြစ်သည်။ လောကတွင် “အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့်” ဟုဆိုလေ့ရှိသည်။ ထိုရှေးပညာရှိတို့၏ ဆိုစကားသည် မိမိတို့ အသက်ရှည်ကျန်းမာ ချမ်းသာရေးအတွက် မိမိတို့၏ဉာဏ်အလုပ်ကို အမြဲမပြတ် သတိမူနေစေလိုရင်းဖြစ်သည်။ နေ့စဉ်သတိမမူ ပေါ့ပေါ့တန်တန် ပြုမူ စားသောက်နေထိုင်မိပါက မိမိတို့၏ဥစ္စာ၊ မိမိတို့၏အသက်ခန္ဓာ ပျက်စီးဆုံးရှုံးခြင်းဆီသို့ သက်ဆင်းနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။
လူ့ဘောင်လောကပတ်ဝန်းကျင်တွင် လူသတ္တဝါများ၏ ကျန်းမာရေးကို ထိခိုက်ပျက်စီးစေနိုင်သော ရောဂါဘယပိုးမွှားများ ပျံ့နှံ့တည်ရှိနေပြီး ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွင်းတွင် ပိုးမွှားများ အမြောက်အမြား ကိန်း အောင်းနေပြီးဖြစ်သည်။ ၉၆ ပါးသောရောဂါတို့သည် လူသားများအား နှိပ်စက်ရန် အသင့်စောင့်ဆိုင်းနေဆဲဖြစ်သည်။ ရောဂါပိုးမွှားများကို လူမှ တိရစ္ဆာန်၊ တိရစ္ဆာန်မှလူ၊ လူမှလူ စသဖြင့် သတ္တဝါအချင်းချင်း ကူးစက် သယ်ဆောင်နိုင်ရန် အသင့်ဖြစ်နေဆဲဖြစ်သည်။ ထိုရောဂါဘယပိုးမွှားများ သည် လူတို့ကိုယ်ခံအားနည်းသည့်အချိန်ကို အလစ်စောင့်ဆိုင်းနေကြသည်။
ယခုအခါ လူတို့တွင်ဖြစ်တတ်သော ရောဂါပိုးတစ်ထောင်ကျော် ရှိသည်ဟုသိရသည်။ တိုးပွားလာသော လူသတ္တဝါများ နယ်ပယ်ချဲ့ထွင် သံသရာလည်မှုကြောင့် ရောဂါအသစ်အဆန်းများအစဉ်မပြတ်တိုးလာသည်။ ပိုမိုပြင်းထန်သော၊ မပြင်းထန်သော ရောဂါပိုးမျိုးကွဲမျိုးစိတ်များတိုးလာသည်။ ထို့ကြောင့် ရောဂါဘယအန္တရာယ်သည် အချိန်မရွေး အလျင်အမြန်ကျရောက် နိုင်သည်ကို မျက်မှောက်ကာလ ကိုဗစ်-၁၉ ရောဂါဖြစ်စဉ်များက သက်သေပြလျက်ရှိသည်။
ရာဂါအသစ်အဆန်းတစ်ခုကို ချက်ချင်းကာကွယ်တိုက်ဖျက်ရန်မှာ မလွယ်ကူပေ။ ရောဂါကူးစက်ဖြစ်ပွားလျှင်လည်း သက်သာပျောက်ကင်းအောင် ကုသနိုင်ရန်မှာ ကိုယ်ခံအားကောင်းမှသာ သက်သာပျောက်ကင်း နိုင်ပေသည်။ ယနေ့ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကြောင့် အသက်သေဆုံးသွား ကြသူများမှာ ကိုယ်ခံအားနည်းသည့် သူများသာ အများဆုံးဖြစ်သည်။ မိမိတို့ကိုယ်ခံအားကောင်းနေလျှင် မည်သည့်ရောဂါပိုးမွှားမှ မိမိတို့၏ အသက်ကို အလွယ်တကူပျက်စီးအောင် လုပ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လူတိုင်းလူတိုင်း ကျန်းမာရေးနှင့် ညီညွတ်အောင်၊ ကိုယ်ခံအားကောင်းအောင် အစဉ်အမြဲသတိမူလုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါသည် ရောဂါအသစ်အဆန်းဖြစ်၍ ရှည်ကြာစွာ ဖြစ်တည်နေဦးမည်ဖြစ်သည်။ သင်္ခါရလောက၏ဖြစ်စဉ်အရ ကပ်ရောဂါ အသစ်များလည်း ပေါ်ပေါက်လာဦးမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မိမိတို့ လူသားများအားလုံး အစဉ်အမြဲအသင့်ဖြစ်နေရမည်ဖြစ်သည်။ မမျှော်မှန်း နိုင်အောင် ကြောက်စရာကောင်းသည့် ရောဂါများ၊ တစ်ကျော့ပြန်သစ်ဆန်း လာသည့် ရောဂါပိုးသစ်များ၏ အန္တရာယ်များကို ကာကွယ်နိုင်ရန် ရောဂါ ရှာဖွေရေး၊ ရောဂါကုသရေးတို့ကို ခေတ်နှင့်လျော်ညီစွာ အသင့်တည်ဆောက်ထားရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကိုကာကွယ်ရာ၌ ရောဂါရှာဖွေရေး အတွက် ဓာတ်ခွဲစစ်ဆေးရေးသည် အရေးအကြီးဆုံးလိုအပ်ချက်ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ် ၂၆ မြို့နယ်တွင် ရောဂါရှာဖွေရေးစက်များဖြင့် ဓာတ်ခွဲစစ်ဆေးပေးနေသည်။
ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်နေထိုင် ပြုမူလုပ်ကိုင်ကြရန်လိုအပ်သည်။ မိမိတို့၏ ကိုယ်ခံအားများကောင်းအောင် ပြုစုပျိုးထောင်ကြရမည်ဖြစ်သည်။ မိမိတို့အားလုံး ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက် လေကောင်းလေသန့်ကိုရှူရှိုက်ရန်၊ ရေကောင်းရေသန့်ကို များများသောက်သုံးရန်း ကျန်းမာစေမည့် အစားအစာကိုစားသုံးရန်၊ အိပ်ရေးဝအောင်အိပ်ရန်၊ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ရန်၊ ဣရိယာပုတ် မျှတအောင်နေထိုင်ရန် စိတ်ကိုကြည်လင်စွာထားရန်၊ အပြင်ထွက်လျှင် နှာခေါင်းစည်းဝတ်ရန် လက်ဆေးရန်ခပ်ခွာခွာနေထိုင်ရန် တို့ဖြစ်သည်။
သို့ဖြစ်ရာ သူတို့ရောဂါဘယကင်းဝေးရေးကို ကျန်းမာရေးဝန်ထမ်းတို့က လုပ်ပေးရမည်ဆိုသော်လည်း ပြည်သူတို့ကျန်းမာအောင်နေထိုင်တတ် ခြင်းသည်သာလျှင် အဓိကဖြစ်သည်။ မိမိတို့နေထိုင်ရာအိမ်ကို ထိန်းသိမ်း စောင့်ရှောက်ပြုပြင်ခြင်းမရှိပါက ထိုအိမ်ကြီးသည် မကြာမီ ပျက်စီးယိုယွင်း သွားတတ်သကဲ့သို့ အိမ်နှင့်တူသော မိမိတို့ခန္ဓာအိမ်ကျန်းမာမှုကို ဂရုမပြုဘဲ နေထိုင်မိပါက ရောဂါဘေးအန္တရာယ်များ အလျင်အမြန် ကျရောက်နိုင်သည်ကို ယနေ့ ကိုဗစ်ဖြစ်စဉ်များက မီးမောင်းထိုးပြလျက်ရှိပါကြောင်း။ ။
ကြေးမုံ