ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.
အား…… ဆံပင်တွေကျွတ်ပြန်ပြီ။ စိတ်ညစ်လိုက်တာ။ ဆံပင်လေးတွေလှတာမြင်ရင် လိုက်ငေးမိနေပေမယ့် ကိုယ်တိုင်ကျ ဆံပင်ပါးလို့ ဆံသားမကျန်းလို့ဆိုပြီး စိတ်ညစ်နေလား၊ လေဒီ…. “ယောက်ျားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး” ဆိုတဲ့အတိုင်း လှပပြီး နက်မှောင်တောက်ပြောင်တဲ့ ဆံသားပိုင်ရှင် လေဒီလေးဖြစ်ချင် နေတာဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါလို့ ပြောပါရစေ။
ကျန်းမာတောက်ပြောင်တဲ့ ဆံသားလေးတွေပိုင်ဆိုင်ဖို့ အစားအသောက်လေးတွေ စားသုံးပေးလို့ ရပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေကို အာဟာရမျှတအောင် စားသုံးပေးမယ် ဆိုရင် ခန္ဓာကိုယ်ကျန်းမာပြီး တောက်ပြောင်ကျန်းမာတဲ့ ဆံသားတွေကို ပိုင်ဆိုင်နိုင်မှာပါ။
ဆံသားကျန်းမာစေဖို့ စားပေးသင့်တဲ့ အစားအစာတွေက ဘာတွေများလဲ
ဆံပင်ကျွတ်ခြင်းကင်းဝေးပြီး သန်စွမ်းတောက်ပြောင်တဲ့ ပိတုန်းရောင်ဆံကေသာ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် အစားအစာလေးတွေကို ပုံမှန်စားသုံးပေးပါ။
သရက်သီး – သရက်သီးက အရသာတင်ရှိတာ မဟုတ်ပါဘူး။ သရက်သီးမှာပါတဲ့ ဆီလီကာ(Silica)၊ ဗီတာမင် A၊ ဗီတာမင် B6၊ ဗီတာမင် C နဲ့ ဖောလိတ်တို့က ဆံသားတွေသန်စွမ်းအောင် အားဖြည့်ပေးသလို ဆံပင်ပိုသန်လာအောင်လည်း အားဖြည့်ပေးပါသတဲ့။ တစ်နေ့ကို သရက်သီး နှစ်စိတ်လောက်တော့စားပေးပါ။
ပဲပိစပ်– သံဓာတ်၊ အိုမီဂါ-3၊ ဗီတာမင် B2၊ မဂ္ဂနီဆီယမ်တို့က ခန္ဓာကိုယ်တွင်းက ဟော်မုန်းတွေကို ထိန်းညှိပေးပြီး ဆံပင်ကျွတ်သက်သာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို အနည်းဆုံး ပဲပိစပ် ၃ ကြိမ်လောက် စားသုံးပေးပါ။
ဥအမျိုးမျိုး – ပရိုတင်းဓာတ်၊ ဗီတာမင် A၊ ဗီတာမင် D၊ ကာရိုတင်း၊ လူတိန်း(lutein) နဲ့ ဇင့်ဓာတ်တို့ ပါဝင်နေတဲ့ ကြက်ဥ၊ ဘဲဥ၊ ငုံးဥတို့ကို တစ်ပတ်မှာ ၄ ကြိမ်ခန့် စားသုံးပေးမယ်ဆိုရင် ကျန်းမာတဲ့ ဆံသားကို ပိုင်ဆိုင်မှာ အသေအချာပါ။
ဟင်းနုနွယ်– ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်တဲ ့ အစိမ်းရောင်ရင့်ရင့် ဟင်းနုနွယ် ရွက်မှာ ဖောလိတ်၊ သံဓာတ်၊ ဗီတာမင် A၊ ဗီတာမင် C တို့လိုမျိုး ဓာတ်တွေပြည့်ဝစွာ ပါဝင်နေပါတယ်။ ဒီဓာတ်တွေက ဆံသားတွေကျန်းမာသန်စွမ်းအောင် လုပ်ဆောင်ပေးပါတယ်။ ဗီတာမင် A က ဦးရေပြားကို အစိုဓာတ်ထိန်းပေးပြီး ဆံသားတွေကို ကျန်းမာသန်စွမ်းစေမှာပါ။ တစ်ပတ်ကို တစ်ကြိမ်လောက်တော့ ဟင်းနုနွယ်ရွက်ကို ကြော်ပြီးဖြစ်ဖြစ် သုပ်ပြီးဖြစ်ဖြစ်စားပေးပါ။
အဆီများတဲ့ငါး – ငါးကနေရတဲ့အဆီက ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ အဆီများတဲ့ ငါးတွေဖြစ်တဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်း၊ မက်ကာရယ်တို့လိုမျိုး omega-3 နဲ့ omega-6 fatty acid ကြွယ်ဝတဲ့ငါးတွေက ဆံပင်ကျွတ်တာကို သိသိသာသာလျော့ကျစေပြီး ဆံပင်ကို ပိုမိုကျန်းမာသန်စွမ်း စေနိုင်ပါတယ်။ ဒါကြောင့် ပင်လယ်ငါးတွေကို စားသုံးဖို့ အကြံပြုပါရစေ။
ကန်စွန်းဥ – ကန်စွန်းဥထဲမှာ ဘီတာ ကယ်ရိုတင်း(beta-carotene) ကြွယ်ဝစွာ ပါဝင်တာကြောင့် ဆံပင်တွေကို သန်စွမ်းအောင် အထောက်အပံ့ပေးပါတယ်။ ကန်စွန်းဥအရွယ်တော်တစ်လုံးမှာ beta-carotene ၁၁၄ ဂရမ်ပါဝင်ပြီး တစ်နေ့တာအတွက် ခန္ဓာကိုယ်က လိုအပ်တဲ့ ပမာဏရဲ့ ၄ ဆကျော်ကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ဆံသားကျန်းမာသန်စွမ်းချင်သူတွေအနေနဲ့ ကန်စွန်းဥက မေ့ထားလို့မဖြစ်ပြန်ပါဘူး။ ကန်စွန်းဥရဲ့ နောက်ထပ်အားသာချက်တစ်ခုက ဆံပင်ရှည်မြန်စေတာပါ။
အခွံမာသီးတွေ– အခွံမာသီးတွေက အရသာရှိသလို ဆံပင်သန်စွမ်းဖို့လိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း များစွာဖြည့်တင်းပေးနိုင်ပါတယ်။ အခွံမာသီးတွေက ဆံသား၊ လက်သည်းနဲ့ အသားအရေ ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင် E ကို ထောက်ပံ့ပေးပါတယ်။ အခွံမာသီးတွေက ဗီတာမင် E အပြင် ဇင့် နဲ့ မရှိမဖြစ်လိုအပ်တဲ့ Fatty Acids ပါဝင်နေတာကြောင့် ဆံပင်ကျဲပါးတာကို ကာကွယ်ပေးနိုင်ပါတယ်။ တစ်ပတ်ကို ၃ ကြိမ်လောက် အစေ့အဆန်တွေစားပေးပါ။
ထောပတ်သီး – ထောပတ်သီးက အရသာတင်ရှိတာမဟုတ်ဘဲ၊ အာဟာရဓာတ်နဲ့ အဆီဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ထောပတ်သီးမှာပါတဲ့ ဗီတာမင် C၊ ဗီတာမင် E နဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေက ဆံပင်ကျန်းမာသန်စွမ်းအောင် အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါတွေတင် မကသေးပါဘူး ထောပတ်သီးမှာပါတဲ့ဓာတ်တွေက Free Radicals တွေကြောင့် ဆံပင်ကျွတ်တာတွေကို ကာကွယ်ပေးပါသေးတယ်။
ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတတဲ့ စားသောက်မှုပုံစံက ခန္ဓာကိုယ်အတွက် တကယ်ကိုကောင်းတာပါ။ ဒါပေမယ့် ဆံပင်ကျွတ်တာကိုဖြစ်စေနိုင်တဲ့ အချက်တွေကလည်း တော်တော်လေးတော့ များသားနော်။ မျိုးရိုးကြောင့် ဆံပင်ပါးတာ၊ သိုင်းရွိုက်ရောဂါ၊ သွေးအားနည်းရောဂါ၊ ဟော်မုန်းမမျှတတာလိုမျိုး ဝေဒနာတွေကြောင့် ဆံပင်ပါးတာဆိုရင်တော့ စားသောက်မှုပုံစံက ထိရောက်မှုနည်းနိုင်ပါတယ်။ အပြည့်အဝ အထောက်အပံ့မရနိုင်ပေမယ့် တစ်စိတ်တစ်ပိုင်းတော့ အထောက်အပံ့ဖြစ်စေမှာပါ။
လှပသန်စွမ်းတဲ့ ဆံသားပိုင်ရှင် လေဒီလေးဖြစ်စေဖို့ ကျန်းမာတဲ့ စားသောက်မှုပုံစံကို ဒီနေ့က စပြီး မွေးမြူလိုက်ပါနော်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"