ရန်ကုန် ၂၇ ဇွန်
ပညာရေးဝန်ကြီးဌာနနှင့် ‘စိုး’ လျှပ်စစ်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် “ကျန်းမာပျော်ရွှင် ပညာသင် ကြိုတင်တားဆီး ကိုဗစ်နိုင်တီး” ခေါင်းစဉ်ဖြင့် ပညာပေး စံပြကျောင်းပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီမှ သိရသည်။
ထိုသို့ကျင်းပရာတွင် ပညာရေးဇုန်အလိုက် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ် ၁၇ ခု (ရုံးခွဲများအပါအဝင်) စုစုပေါင်း ၁၈ ခုတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ အဆိုပါပြိုင်ပွဲနှင့်ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ပြိုင်ပွဲတွင် ပညာရေးဇုန်အလိုက် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ် တစ်ခုချင်းစီ၏ ကိုယ်စားပြုအခြေခံပညာ အထက်တန်းကျောင်း ၁၈ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ၁၈ ကျောင်း၊ ဘုန်းတော်ကြီးသင် အထက်တန်းဆင့်သင်ကျောင်း နှစ်ကျောင်း (မန္တလေးဖောင်တော်ဦးနှင့် စစ်ကိုင်းအပြည်ပြည်ဆိုင်ရာ ဗုဒ်ဓ ပညာရေးစင်တာ) စုစုပေါင်း ၃၈ ကျောင်းပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ထိုသို့ယှဉ်ပြိုင်နိုင်ရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံပညာဦးစီးဌာနသို့ ဇွန်လတတိယပတ်က အကြောင်းကြားစာများ ပေးပို့ထားကြောင်း၊ ပညာရေးဇုန်များအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက ယှဉ်ပြိုင်ခွင့်ရရှိမည့် ကျောင်းများကို ရွေးချယ်ကာ သတ်မှတ်စည်းကမ်းချက်များအတိုင်း ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ယှဉ်ပြိုင်ရာတွင် ကျောင်းများအနေဖြင့် ပညာသင်ကြားရေးကာလအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ မိမိတို့ကျောင်း၏ ပညာသင်ကြားရေးနည်းစနစ်များနှင့် ကြိုတင်ပြင်ဆင်ထားမှုအပိုင်းတို့ကို ပေါ်လွင်အောင်ရိုက်ပြထားသည့် ဗီဒီယိုဖိုင် တစ်ဖိုင်၊ ဓာတ်ပုံ ၁၀ ပုံနှင့် စာလုံးရေ ၅၀၀ ခန့်ပါဝင်သည့် အစီရင်ခံစာတစ်စောင်တို့ကို ဇူလိုင် ၁၀ ရက်နောက်ဆုံးထား၍ ပေးပို့ကာ ပါဝင်ယှဉ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။
အဆိုပါပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီအဖွဲ့ဝင်ဖြစ်သူ စာရေးဆရာထင်လင်းဦး (Wisdom Villa) က “အခြေခံပညာ အထက်တန်းကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေကိုတော့ ပြိုင်ပွဲဝင်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေလုပ်နိုင်ဖို့ ကျောင်းတစ်ကျောင်းကို ငွေကျပ်သုံးသိန်းစီ ကော်မတီအနေနဲ့ ထောက်ပံ့ပေးသွားမယ်။ ကိုယ်ပိုင်ကျောင်းတွေကိုတော့ မပေးပါဘူး။ ဆုရွေးချယ်ရာမှာလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ ဆုရွေးချယ်ရေးဆပ်ကော်မတီက ရွေးချယ်ချီးမြှင့်သွားမှာပါ။ ဆုရှိတဲ့ကျောင်းတွေရဲ့ ဗီဒီယိုဖိုင်တွေကိုလည်း သတင်းမီဒီယာနဲ့ ရုပ်မြင်သံကြားတွေမှာ ထုတ်လွှင်ပြသပေးသွားနိုင်ဖို့ အတွက်လည်း စီစဉ်ထားပါတယ်” ဟု ပြောသည်။
ဆုချီးမြှင့်မှုအနေဖြင့် ယှဉ်ပြိုင်သည့် အမျိုးအစားတစ်ခုချင်းစီ၏ ပထမ၊ ဒုတိယနှင့် တတိယဆုတို့အပြင် တက်ကြွလှုပ်ရှားမှု အထူးဆုတို့ကို ချီးမြှင့်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ဆုရကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲရန်ရည်ရွယ်ကာ ပထမဆုအား ကျပ်သိန်း ၅၀၊ ဒုတိယ ဆုအားကျပ်သိန်း ၃၀၊ တတိယဆုအား ကျပ်သိန်း ၂၀ နှင့် တက်ကြွလှုပ်ရှားမှု အထူးဆုအား ကျပ် ၂၅ သိန်းချီးမြှင့်သွားးရန် သတ်မှတ်စီစဉ်ထားကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျောင်းများအားလုံး ကိုဗစ်-၁၉ ရောဂါ ဘေးအန္တရာယ်ကို စနစ်တကျ ကြိုတင်ကာကွယ်နိုင်ပြီး ဘေးကင်းလုံခြုံ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘများ၊ ရပ်ရွာ အဖွဲ့အစည်းများအားလုံး ကြိုတင်ကာကွယ်တားဆီးရမည့် နည်းစနစ်များကို အသေးစိတ် နားလည်လိုက်နာ ကျင့်သုံးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိကိုယ်ကိုကာကွယ်ခြင်းမှသည် မိသားစု ပတ်ဝန်းကျင်ကိုပါ ကာကွယ်ခြင်းဖြစ်ကြောင်း သိရှိစေရန် ဘေးကင်းလုံခြုံ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားသင်ယူနိုင်ရေးအတွက် ကျန်းမာရေးသည် အရေးကြီးကြောင်း သတိပြုမိပြီး လိုက်နာကျင့်သုံးတတ်စေရန် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-အောင်မြင့်(ပြန်/ဆက်)


