ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်နေစေဖို့ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အကျင့် ကောင်းတွေကို ကိုယ်တိုင်မွေးမြူဖို့လိုအပ်ပါတယ်။ ဒီတော့ ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံကို ပျိုးထောင်ဖို့ မဖြစ်မနေ မွေးမြူသင့်တဲ့ အလေ့အကျင့် ကောင်းလေးတွေရှိပါတယ်။ ဒီအလေ့အကျင့်ကောင်းလေးတွေက ဘာလဲဆိုတာသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။
ကျန်းမာရေးကို အထောက်အကူပြုတဲ့ အလေ့အထလေးတွေ မွေးမြူသင့်တဲ့ အကြောင်းအရင်း ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံက လူတိုင်းအတွက်တော်တော်လေး အကျိုးရှိစေနိုင်ပါတယ်။ ဒီအလေ့အထက အရွယ်တိုင်းအတွက် အသုံးဝင်တာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထလေးတွေကို မွေးမြူတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး နာတာရှည်ရောဂါတွေကနေပါ ကင်းဝေးစေမှာပါ။ ဒီလောက်ဆိုမှတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထကို မွေးမြူသင့်လား၊ မမွေးမြူသင့်ဘူးလားဆိုတာကို Hello ဆရာဝန် ပရိသတ်ကြီးကိုယ်တိုင် ဆုံးဖြတ်လိုက်ပါ။
(၁) ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်လုပ်ပါ
လေ့ကျင့်ခန်းပုံမှန်လုပ်တာက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ကြွက်သားတွေကို သန်မာစေသလို ကိုယ်ခံအားကောင်းစေနိုင်ပြီး နာတာရှည်ရောဂါတွေကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် နာရီဝက်လောက် ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတဲ့ နေရာမှာလည်း ပြင်းပြင်းထန်ထန် လုပ်တာမျိုးမဟုတ်ဘဲ လမ်းလျှောက်တာလောက်၊ ခပ်ရွရွလေး ပြေးတာလောက်၊ စက်ဘီးစီးတာလောက်၊ ယောဂကစားတာလောက်ဆိုရင်ကို အဆင်ပြေပါတယ်။ ဒီလိုမျိုးလေ့ကျင့်ခန်းလုပ်ဆောင်ပေးတာကြောင့်
စိတ်လက်ပြေလျော့မယ်
ခွန်အားပြည့်ဝစေမယ်
ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုရရှိစေမယ်
အရိုးနဲ့ကြွက်သားတွေကို သန်မာစေမယ်
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမယ်
နှလုံးရောဂါ၊ လေဖြတ်တာ နဲ့ ဆီးချိုလိုမျိုး နာတာရှည်ရောဂါတွေကနေ ကာကွယ်နိုင်မယ်
စိတ်ဖိစီးမှုဖြစ်တာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်များတာတွေကို သက်သာစေနိုင်မယ်
ကောင်းကောင်းအိပ်ပျော်စေနိုင်မယ် စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
(၂) ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးပေးပါ
အစားအသောက်စားသုံးတဲ့အခါမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးမှုက ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးတာပါ။ အစားအစာက စားတတ်ရင် အာဟာရဖြစ်သလို ဆေးဖက်လည်း ဝင်တယ်ဆိုပေမယ့် မစားတတ်ရင်တော့ ဘေးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်တစ်နေ့တာမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာတွေကို အချိန်မှန် စားသုံးပေးဖို့လိုပါမယ်။ အလုပ်များလို့ မနက်စာမစားတာမျိုး၊ နေ့လယ်စာနဲ့ညစာပေါင်းစားတာမျိုးတွေ မလုပ်သင့်ပါဘူး။ နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ပရိုတင်း၊ သံဓာတ်၊ အမျှင်ဓာတ်တို့ ပြည့်ဝမျှတအောင် စားပေးပါ။
အစားအစာတွေကို ချက်ပြုတ်တဲ့အခါမှာလည်း သန့်ရှင်းမှုကို ဂရုစိုက်ဖို့လိုသလို တာရှည်ခံပစ္စည်းတွေ ဓာတုဆေးဝါးတွေမပါစေဖို့ သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။ အမြန်စား၊ အသင့်စား အစားအစာတွေကို တတ်နိုင်သမျှ လျှော့စားဖို့လည်း လိုအပ်ပါမယ်။ ကဖင်းနဲ့ အယ်လ်ကိုဟောကိုလျှော့လိုက ရေဓာတ်ပြည့်ဝအောင်နေထိုင်ဖို့ကိုလည်း မေ့လို့မရပါဘူး။
(၃) တရားထိုင်ပါ
တရားထိုင်တာက စိတ်အေးချမ်းမှုရစေသလို အာရုံစူးစိုက်မှုလည်းကောင်းစေနိုင်ပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ဆိုရင် မွေးမြူသင့်တဲ့ အလေ့အထတစ်ရပ်ပါ။ နေ့စဉ်ပုံမှန် ၁၅ မိနစ်လောက်တရားထိုင်ပေးသင့်ပါတယ်။ ဒီလိုတရားထိုင်ပေးတာက
ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံကို ရရှိစေနိုင်ပါတယ်
အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်းစေနိုင်ပါတယ်
စိတ်ဖိစီးမှုကိုပြေလျော့စေနိုင်တယ်
စိတ်ဓာတ်ကျမှုကင်းဝေးစေနိုင်တယ်
စိတ်တည်ငြိမ်အေးချမ်းစေနိုင်တယ်
ကိုယ်ခံအားကောင်းစေနိုင်တယ်
နာတာရှည်ရောဂါတွေကင်းစေနိုင်တယ်
စိတ်ရောကိုယ်ပါကျန်းမာစေနိုင်တယ်
စိတ်ခံစားမှုကိုထိန်းချုပ်နိုင်စွမ်းတိုးလာစေနိုင်တယ်
ဒေါသမကြီးတော့ဘူး စတဲ့ အကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”