နေပြည်တော် ၁၃  ဇွန် 

 

“ကိုယ်စိတ်ကျန်းမာ လူငယ်ဘဝ၊ အနာဂတ်တောက်ပနိုင်ငံ့အလှ” ခေါင်းစဉ်ဖြင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲဒုတိယနေ့ အစီအစဉ်ကို ယနေ့ နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပသည်။

 

နံနက်ပိုင်းအစီအစဉ်တွင် ကဏ္ဍအလိုက် ဆွေးနွေးပွဲကိုကျင်းပကြရာ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ထည့်သွင်းသင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့်လူနေမှုဘဝပုံစံများ လိုက်နာကျင့်သုံး ဆောင်ရွက်ရေး၊ ကျောင်းသားကျောင်းသူများတွင် ဂိမ်းအလွန်အကျွံ စွဲလမ်းမှုပပျောက် ရေးခေါင်းစဉ်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ပညာရှင်များကကဏ္ဍအလိုက် အလှည့်ကျတင်ပြဆွေးနွေး ကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်တို့က သဘာပတိအဖြစ် ဆောင်ရွက်ကြသည်။ ယင်းနောက် နှီးနှောဖလှယ်ပွဲတက်ရောက် လာကြသူများက တင်ပြဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြသည်။

 

ဆက်လက်၍ နေ့လယ်ပိုင်းအစီအစဉ်တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမော်ထွန်း၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းတို့က သဘာပတိအဖြစ်ဆောင်ရွက်ကြပြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့က ဦးစီးဌာနများအလိုက် ဆွေးနွေးတင်ပြကြပြီး နှီးနှောဖလှယ်ပွဲတက်ရောက်လာကြသူများက တင်ပြဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ မေးမြန်း ဆွေးနွေးကြသည်။

 

ညနေပိုင်းတွင် ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရေး အမျိုးသားအဆင့်နှီးနှောဖလှယ်ပွဲပိတ်ပွဲကို ကျင်းပရာ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားသည်။

 

အလားတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နှီးနှောဖလှယ်ပွဲတွင် ပညာရှင်များ၊ဆရာ၊ ဆရာမများသာမက ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ၊ ကျောင်းသားမိဘများကပါ ပါဝင်မေးမြန်းဆွေးနွေးမှုများနှင့် အကြံပြုချက်များသည် အထူး ကောင်းမွန်အဆင့်မြင့်မားပြီး အဆိုပါ အချက်များသည်မဟာဗျူဟာ၊ လမ်းပြမြေပုံနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါ ကြောင်း။

 

လုပ်ငန်းစဉ်များ အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ခန္ဓာနှင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာသုခများရရှိနိုင်မည့်အပြင် လူမှုဆက်ဆံရေးရာ များတွင်လည်း များစွာအကျိုးရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်တိုင်အကျိုးရှိမည့် ကိစ္စရပ်ဖြစ်သည့် ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေးလုပ်ငန်းများတွင် ကိုယ်တိုင်တက်ကြွစွာရှေ့ဆောင်ပါဝင် ဆောင်ရွက် နိုင်စေရေးအတွက် လုပ်ငန်းများစတင်ဆောင်ရွက်သည့်ကာလတွင် လက်တွဲခေါ်ယူ ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ 

 

သတင်းစဉ်