ကျန်းမာရေးအသိနှင့် အသက်ရှည်ရာ အနာမဲ့ကြောင်း

 

မျိုးငြိမ်းငယ်

 

အခုဆိုရင် ဆောင်းရာသီဝင်နေပါပြီ။ ပူပြင်းတဲ့ ဒေသမှာတောင် ဆောင်းရာသီရဲ့ အေးမြတဲ့အရသာကို ခံစားနေရပြီ။  အညာမှာဆို ဆောင်းရောက်ပြီဆိုတာနဲ့ ရာသီစာလေးတွေစားကြ၊ နံနက်စောစောထ လမ်းလျှောက်ကြ၊  မီးလှုံကြနဲ့  တခုတ်တရ လုပ်ဖြစ်ခဲ့တယ်။

 

မှုန်ဝါးဝါးနှင်းမှုန်တွေထဲ လမ်းလျှောက်

 

ငယ်ငယ်တုန်းက မှုန်ဝါးဝါးနှင်းမှုန်တွေထဲ လမ်းလျှောက်ရတာက ကျန်းမာရေးဆိုလည်းဟုတ်ရဲ့၊ ပျော်စရာတစ်ခုဆိုလည်းဟုတ်ရဲ့။ အဲဒီအချိန်မှာ ရေဒီယိုကနေ စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ဆိုတဲ့ တေးနံ့သာမြိုင်အဖွဲ့ သီဆိုထားတဲ့ ပြည်သူ့ အားကစားဆင်နွှဲစို့သီချင်းကို ကြားနေကျ။ ဒါဆိုရင် သူငယ်ချင်းတွေစုပြီး နံနက်ပိုင်းထပြီးပြေးကြပြီ။ လူကြီးတွေကတော့ လမ်းလျှောက်ကြတယ်။ တရုံးရုံးနဲ့ပျော်စရာကြီး။ ငယ်တုန်းကတော့ ကျန်းမာရေးအသိဆိုတာထက် ဆောင်းရောက်ရင် အားကစားလုပ်ရမယ်၊ ပျော်စရာကောင်းတယ်ဆိုတဲ့ အသိလောက်ပါပဲ။ ဒါပေမဲ့လည်း ကျန်းမာရေးကို ပျော်စရာတစ်ခုအနေနဲ့ လုပ်ခဲ့ကြပေမယ့် ပြေးလို့ပဲဖြစ်ဖြစ်၊ လမ်းလျှောက်လို့ပဲဖြစ်ဖြစ် ကျန်းမာရေးလုပ်တဲ့နေ့ဆို တစ်နေ့လုံး နေလို့ထိုင်လို့ကောင်းလိုက်တာ။ သွက်လက်နေတာပဲ။

 

ဆောင်းတွင်းမို့လို့ စောင်နဲ့ကွေးနေချင်ပေမယ့် မိဘတွေက သွားကြပါလား၊ လူငယ်လုပ်နေပြီး အားကစားလေး ဘာလေးလုပ်ကြပေါ့လို့ တိုက်တွန်းကြတယ်။ နောက်ပြီး ကိုယ်က မသွားချင်ရင်တောင် သူငယ်ချင်းအချင်းချင်း နံနက်ထပြေးကြမယ်ဟေ့လို့ လူစုလိုက်ရင်လည်း နံနက်အစောထပြေး ဖြစ်တယ်။ ဒီဇင်ဘာ လမ်းလျှောက်ရက်ဆိုရင် ပိုပြီးပျော်စရာကောင်းသေး။ အိုး... လူတွေ အများကြီးနဲ့။ တဟေးဟေး တဟားဟား ပျော်စရာကြီး။ မိဘတွေ ကတော့ ဆောင်းတွင်းရောက်မှ မဟုတ်ပါဘူး။ နံနက်တိုင်း လမ်းလျှောက်ကြတယ်။ ကျွန်တော်တို့ လူငယ်တွေကတော့ ရာသီမရွေး မလျှောက်ဖြစ်ပါဘူး။ ဆောင်းတွင်းရောက်မှပဲ တစ်ပွဲတိုး ထပြီးလုပ်ကြတာ။

 

အခုအသက် (၅၀) ကျော်လာတော့ အသက်အရွယ်နဲ့ ကျန်းမာရေးက စကားပြောလာပြီ။ ခေါင်း မှာ ဆံပင်ဖြူတွေ ထွက်နေပြီ။ မျက်စိမှုန်လာတော့ စာကြည့်မျက်မှန်တပ်ရပြီ။ ရံဖန်ရံခါ ခါးနာတာတွေ၊ အမောမခံနိုင်တာတွေလည်း တွေ့ရပြီပေါ့။ ခန္ဓာ ကိုယ်ကြီးက အကျဘက်ရောက်လာတဲ့ လက္ခဏာ တွေလေ။ ငယ်စဉ်ကတည်းက ကျန်းမာရေးကို တစိုက်မတ်မတ်လုပ်ခဲ့ရင်တော့ တစ်မျိုးပေါ့။

 

ငယ်ငယ်တုန်းက ကျန်းမာရေးလိုက်စားခဲ့ပေမယ့် နောက်ပိုင်းကျ လုပ်ငန်းခွင်ဝင်ကြ၊ အိမ်ထောင် နဲ့ မိသားစုနဲ့ဖြစ်လာတော့ ကျန်းမာရေးက နောက်ကိုရောက်သွားလိုက်တာ တစ်ခါတလေ သတိတောင် မရတော့ဘူး။ အခုလို အသက်အရွယ်ရောက်လာမှ သတိထားမိတော့တယ်။ သတိထားမိ မှာပေါ့၊ ခန္ဓာကိုယ်ကြီးက သတိပေးနေပြီလေ။ ခန္ဓာကိုယ်ကြီးဆိုတာကလည်း စက်ကြီးတစ်ခုလိုပဲပေါ့။ သုံးသာသုံးနေကြတာ ပြုပြင်ထိန်းသိမ်းဖို့မလုပ်ကြတော့ ရေရှည်မှာကျပြီပေါ့။

 

အလွန်အကျွံသုံးပြီး မပြုပြင်မထိန်းသိမ်းကြလို့ အချိန်မတိုင်မီ ပျက်စီးသွားတာတွေလည်း တွေ့ရတယ်။ အသုံးပြုနည်းမမှန်လို့ ပျက်စီးသွားတာတွေ လည်းတွေ့ရတယ်။ သုံးလည်းသုံး ထိန်းထိန်းသိမ်းသိမ်းလည်း နေထိုင်ကြလို့ အခုထိ ဒေါင်ဒေါင် မြည်နေတဲ့သူတွေလည်း တွေ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးပေါ့။ တစ်ခါတလေကျ ကျန်းမာရေးတော့အသိရှိပါရဲ့၊ လုပ်နိုင်တဲ့အခြေ အနေလည်းရှိပါရဲ့၊ ဒါပေမဲ့ မလုပ်ဖြစ်တဲ့သူတွေ လည်းရှိကြတာပဲ။

 

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်ချစ်တယ်ဆိုရင် အသက်ရှည်ရာ အနာမဲ့ကြောင်း နေထိုင်တတ်တဲ့ လူနေမှုပုံစံက မရှိမဖြစ်လိုတယ်လို့ သိလာခဲ့ တယ်။ အသက်ရှည်ရှည်နေနိုင်ဖို့ကတော့ ကံ၊ ဉာဏ်၊ ဝီရိယ ပေါင်းစပ်ဖို့တော့လိုမှာပေါ့။ ကံတရားကို ပြုပြင်လို့မရဘူးဆိုရင်တောင် ဉာဏ်နဲ့ဝီရိယလေး တော့ စိုက်ရမှာပဲ။ ဒါမှ ဒီခန္ဓာကိုယ်ကြီးက ကျန်းမာ နေမှာမဟုတ်လား။ ငွေကြေးတွေ၊ ဂုဏ်တွေ၊ ရာထူး တွေ ဘယ်လောက်ရှိရှိ ဒီခန္ဓာကိုယ်ကြီးမကျန်းမာလို့ ကတော့ အချိန်မတိုင်မီ လက်ပြနှုတ်ဆက်ပြီး ထားခဲ့ကြ၊ ခွဲခွာခဲ့ကြရမှာပါ။

 

ကျန်းမာရေးအသိနဲ့ ပိုဆိုင်

 

ကမ္ဘာမှာ နာမည်ကြီးပါတယ်ဆိုတဲ့ မိုက်ကယ် ဂျက်ဆင်တို့လို တတ်နိုင်တဲ့သူတွေ၊ စတိဂျော့လို ချမ်းသာတဲ့သူတွေကို နမူနာယူကြည့်လိုက်ရင် သံဝေဂရစရာပါပဲ။ ကံကုန်လို့ သေဆုံးခဲ့ရတယ် ဆိုတာတော့ ထားပါတော့။ ကိုယ့်ခန္ဓာကိုယ်ကြီးကို ကျန်းမာရေးနဲ့ ညီညွတ်အောင်မထားလို့၊ မသုံးတတ် လို့ဆိုရင်တော့ ကံတရားဆိုတာထက် ကျန်းမာရေး အသိနဲ့ ပိုဆိုင်မယ်ထင်တာပဲ။

 

ကျွန်တော့်မိဘတွေဆို အသက် (၇၀) ကျော်အထိ နေခဲ့ရတယ်။ မသေခင်အထိက ကျန်းမာရေးချို့ယွင်းတာ အတော်နည်းတယ်။ ကျွန်တော့်အဒေါ်ဆိုရင် အခု အသက် (၉၀) ကျော်ပြီ။ နားနည်းနည်းလေးတာ ကလွဲလို့ ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပဲ။ ရွာမှာ နေတာဆိုတော့ အိမ်လည်သွားလို့ကောင်းတုန်း။ မျက်စိလည်း ကောင်းလိုက်တာ။ ကိုယ်တွေတောင် သူ့လောက်မကောင်းတော့ဘူး။ အဲဒီလို သက်ရှည် ကျန်းမာတဲ့ဘဝဆိုတာ လူတိုင်းရချင်ကြတာပဲမဟုတ်လား။ ဒါပေမဲ့ ရချင်တာပဲသိပြီး ကျန်းမာရေးလိုက်စား ဖို့ဆိုရင် တီကောင်ကို ဆားနဲ့တို့သလိုပဲ တွန့်လိမ်နေ လိုက်ကြတာ။ ကိုယ့်ကိုယ်ကိုယ်ပြောပါတယ်။

 

ကျွန်တော်တို့ အသက် (၅၀) ကျော်တန်းတွေက ခေတ်နှစ်ခေတ်ကို ဖြတ်သန်းခဲ့ရသူတွေလို့ ပြောနိုင်တယ်။ ငယ်ငယ်တုန်းက တယ်လီဖုန်းဆိုတာဝေးလို့ တီဗွီတောင် မရှိခဲ့ဘူး။ စက်ဘီးရှိရင် အလုပ်ဖြစ်နေပြီ။ ကားလည်းမရှိ၊ ဆိုင်ကယ်ဆိုတာလည်း မရှိတော့ စက်ဘီးစီးချင်စီး၊ မစီးချင်ရင် လမ်းလျှောက်ပေတော့။ ကျန်းမာရေးနဲ့ကိုညီလို့။ ညဆိုလည်း စာကျက်တာကလွဲလို့ တီဗွီလည်း မကြည့်ရ၊ ဖုန်းလည်းမကိုင်ရဆိုတော့ ည ၉ နာရီမထိုးခင် အိပ်ပေတော့ပဲ။ ဖေဖေဆိုရင် ည ၈ နာရီထိုးရင် အိပ်၊ နံနက် ၄ နာရီလောက်ဆိုထပြီ။ အဲဒါနေ့တိုင်းပဲ။

 

ဒီဘက်ခေတ် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက် ကစပြီး ပေါ်လာလိုက်တဲ့ နည်းပညာပစ္စည်းတွေ။ နည်းပညာပစ္စည်းတွေကြောင့် လူတွေရဲ့လူနေမှု စနစ်နဲ့ နေထိုင်မှုပုံစံတွေလည်း ပြောင်းလဲကုန်ပြီ။ အရင်က ည ၈ နာရီ၊ ၉ နာရီဆို အိပ်တာ၊ အခုဆို ၁၁ နာရီလည်း မအိပ်နိုင်၊ ၁၂ နာရီကျော်လည်း မအိပ်နိုင်နဲ့။ ဘယ်အိပ်လိမ့်မတုံး၊ ဖုန်းပွတ်၊ တီဗွီကြည့်၊ လျှောက်လည်ကြနဲ့ အိပ်ချိန်မမှန်တော့ဘူး။ ညဘက်အိပ်ချိန် နောက်ကျမှတော့ နံနက်အစောထ လမ်းလျှောက်ဖို့ဆိုတာ ဝေလာဝေး၊ နေဖင်ထိုးတာတောင် မထနိုင်တော့ဘူး။

 

ကျန်းမာရေးအမြင်နဲ့ကြည့်ရင် ဘယ်လိုလုပ် ကိုက်ညီမလဲ။ အိပ်ချိန်မမှန် ထချိန်မမှန်ကိုး။ နည်းပညာတွေ တိုးတက်လာတာဟာ လူတွေရဲ့ လူနေမှုပုံစံတွေ တိုးတက်လာဖို့ပဲလေ။ ဒါပေမဲ့ အသုံးချတဲ့နည်းမမှန်ရင်တော့ တစ်ဖက်မှာ ဆိုးကျိုးတွေ ဖြစ်လာမှာပဲ။ တစ်ခါတလေ လူငယ်လေးတွေ ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ ဂိမ်းတွေဆော့နေလိုက်ကြတာ ထိုင်ရာမထ။ အိပ်ချိန်၊ စားချိန်၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး အမြင်တွေနဲ့ကြည့်ရင် ဖြစ်သင့်တာထက် လွန်လွန်ကဲကဲဖြစ်နေကြတယ်လို့ မြင်တာပဲ။ ဒါကြောင့်လည်း ဒီနည်းပညာပစ္စည်းတွေကြောင့် လူထုကျန်းမာရေးကို ထိခိုက်နေတယ်လို့ ပြောကြတာဖြစ်ပါလိမ့်မယ်။

 

စားသောက်မှုပုံစံ

 

ကျန်းမာရေးနဲ့ဆိုင်တဲ့ နောက်တစ်ခုက စားသောက်မှုပုံစံပါပဲ။ ခေတ်တွေပြောင်းလဲလာတာနဲ့အတူ ပြောင်းလဲလာတာက လူတွေရဲ့ စားသောက်မှုပုံစံတွေပါ။ အချို့အစားအသောက်တွေရဲ့ အရည်အသွေးတွေ မမှန်တာ၊ အရည်အသွေး ကျဆင်းတာတွေရှိသလို first food လိုမျိုးအစား အစာတွေက ကျန်းမာရေးနဲ့ မညီဘူးလို့လည်း ကြားနေရတယ်။ အရင်ကတော့ အပြင်စာတွေစားကြတာထက် စားချင်တာကို အိမ်မှာပဲချက်ပြုတ်စားကြတာဆိုတော့ ကျန်းမာရေးအမြင်အရဆိုရင် ဘေးထွက် ဆိုးကျိုးနည်းမှာပေါ့။ ဒါကြောင့်မို့လားမသိဘူး ရှေးလူကြီးတွေများ အသက်ရှည်လိုက်ကြတာ။

 

အမှည့်တဝင်းဝင်း အကင်းတဖြုတ်ဖြုတ်လို့တောင် ဆိုနိုင်မလားမသိဘူး။ အခြားနိုင်ငံတွေမှာတော့ အော်ဂဲနစ်စားသောက်ကုန်တွေကို ဦးစားပေး ရွေးချယ်စားသောက်လာကြတာ တွေ့ရပါတယ်။ ဒါကလည်း ပြောလို့သာပြောရတာ ငွေကြေးတတ်နိုင်တာနဲ့ တိုက်ရိုက်ဆိုင်နေပြန်ရော။ ဒါကြောင့်မို့ ဆင်းရဲမှုများကြတဲ့ ဝန်းကျင်တွေမှာ လူ့သက်တမ်း တိုတာကို တွေ့ရပါတယ်။

 

ကျွန်တော်တို့နိုင်ငံရဲ့ လူ့သက်တမ်းဟာ တိုးတက်လာတယ်ဆိုပေမယ့် တိုးတက်မှုဟာ နှေးကွေးနေတယ်လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ်က ၆၃ ဒသမ ၉၈ ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှာဆိုရင် ၆၇ ဒသမ ၃၆ ရှိတာကို တွေ့ရပါတယ်။ အိမ်နီးချင်း နိုင်ငံတွေနဲ့ယှဉ်ရင် နိမ့်နေပါသေးတယ်။ လူ့သက်တမ်း ရှည်ဖို့ဆိုတာက အခြားလိုအပ်ချက်တွေတော့ ရှိတာပေါ့။ ဥပမာဆင်းရဲမွဲတေမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး စတာတွေနဲ့ ဆက်စပ်နေပါတယ်။ ကျန်းမာရေးအသိရှိပေမယ့် အာဟာရဖြစ်တဲ့ အစား အစာ၊ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရပြန်ရင်လည်း အဆင်မပြေပြန်ဘူး။ ဒါပေမဲ့ အဲဒီလိုအပ်ချက်တွေ မပြည့်စုံလို့ ကျန်းမာရေးလိုက်စားလို့ မရတော့ဘူးလားဆိုတာကလည်း စဉ်းစားစရာပါ။ အသက်ရှည်ရှည်နေသွားကြတဲ့ ကျွန်တော်တို့ ဘိုးဘွားတွေ၊ မိဘတွေဆိုတာ အခုခေတ်လို အစားအသောက်တွေမစားခဲ့ကြရပေမယ့် အသက် ရှည်ရှည်နေခဲ့ကြတာ လက်တွေ့ပဲ။

 

ရှောင်သင့်တာရှောင်ဖို့၊ လုပ်သင့်တာလုပ်

 

အာဟာရဆိုရာမှာ အကောင်းစားကြီးတွေ၊ ဈေးကြီးတာတွေစားမှ အာဟာရဖြစ်တာ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အစားအသောက်ကို ရွေးချယ်စားသောက်မယ်၊ ကျန်းမာရေးနဲ့ညီတဲ့ နေထိုင်မှုပုံစံရှိမယ်ဆိုရင်လည်း သက်တမ်းစေ့ ကျန်းကျန်းမာမာနေနိုင်မှာပါ။ ငွေကုန်ကြေးကျမများဘဲ ကျန်းမာရေးအတွက် ကျွန်တော်တို့လုပ်နိုင် တဲ့အရာတွေ အများကြီးရှိပါတယ်။ ကျန်းမာရေး အမြင်အရ ရှောင်သင့်တာရှောင်ဖို့၊ လုပ်သင့်တာလုပ်ဖို့ ဆိုတာတွေ လက်တစ်ကမ်းမှာ ရှိနေပါတယ်။ လူ့သက်တမ်းစေ့နေနိုင်ဖို့အတွက် ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးဆိုတာ လူတိုင်းအတွက် အရေးကြီးဆုံးအရာတွေပါ။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတာ ကျန်းမာရေးမကောင်းတဲ့ အချိန်မှာ ပိုနားလည်နိုင်ပါတယ်။

 

စိတ်ကျန်းမာဖို့အတွက် ဗုဒ္ဓဘာသာအရဆိုရင် စိတ်ကိုထိန်းသိမ်းနိုင်တဲ့ တရားတွေ၊ ကျင့်ကြံ အားထုတ်မှုတွေ ရှိပြီးဖြစ်ပါတယ်။ ကိုယ့်ရဲ့ကျန်းမာ ရေးအတွက် အချိန်တစ်ခုပေးပြီး လုပ်ဖို့ပဲလိုပါတယ်။

 

ကိုယ်ကျန်းမာရေးအတွက်ကတော့ အစားအသောက်၊ လူနေမှုပုံစံနဲ့ ကျန်းမာရေးကိုယ်လက် လှုပ်ရှားမှုတွေ လုပ်ဖို့ပါပဲ။ ဒီကနေ့ခေတ်မှာ Gym လို အားကစားလိုက်စားလို့ရတဲ့နေရာတွေ ရှိပါ တယ်။ Gym ကိုသွားရင် ပိုက်ဆံကုန်မယ်ဆိုရင် ကိုယ့်ဘာသာကိုယ် လမ်းလျှောက်လို့ရပါတယ်၊ ပြေးလို့ရပါတယ်၊ စက်ဘီးစီးလို့ ရပါတယ်။ ငွေကုန်ကြေးကျမရှိဘဲ ကျန်းမာရေးလုပ်လို့ရတာတွေ အများ ကြီးပါပဲ။ ကျန်းမာရေးအတွက် အားကစားလုပ်ချိန် အချိန်တစ်ချိန် သတ်သတ်မှတ်မှတ်ပေးဖို့ပါပဲ။ ကျန်းမာရေးအတွက် ကိုယ်နဲ့ကိုက်ညီမယ့် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု ပုံမှန်လုပ်မယ်ဆိုရင် အဲဒီအကျိုးကျေးဇူးကို လက်တွေ့ခံစားရမှာက မိမိ ကိုယ်တိုင်ပါပဲ။ ဒီလိုမှမဟုတ်ဘဲ ကျန်းမာရေးချို့ယွင်းလာမှ ကုသရမယ်ဆိုရင် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ငွေကြေး စတဲ့ဆုံးရှုံးမှုတွေ တစ်သီကြီးက စောင့်နေမှာပါ။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တယ်ဆိုတဲ့ စကားလိုပါပဲ။

 

လူကြီးမိဘတွေက ကျွန်တော်တို့ကို ဆုတောင်းပေးကြတဲ့အခါ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းပေးတတ်ကြပါတယ်။ အဲဒီလို ဆုတောင်းပေးတာ ပြည့်ဝဖို့ဆိုရင် ကိုယ်တိုင်က ကိုယ်ကျန်းမာအောင်၊ စိတ်ချမ်းသာအောင် လက်တွေ့ကျကျနေထိုင်ဖို့တော့ လိုမှာပေါ့။ ။