ဟားခါး ၂၇ နိုဝင်ဘာ
တစ်ကိုယ်ရည်သန့်ရှင်းရေးအပါအဝင် မိသားစုအားလုံးကျန်းမာရေးအတွက် လက်ဆေး သည့် အလေ့အထ ကောင်းများ ရရှိစေရေးရည်ရွယ်ပြီး ကမ္ဘာ့လက်ဆေးပွဲတော်နေ့ အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီခွဲက ဟားခါးမြို့ Carson Hall ၌ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော၊ ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ Unicef မှ ချင်းပြည်နယ် တာဝန်ခံ ဦးကျင့်ထန်ခမ်နှင့် ဝန်ထမ်းများ၊ ဟားခါးမြို့ပေါ်ရှိ အစိုးရမူလတန်းကြိုကျောင်းမှ မူကြို ကလေးငယ်များနှင့် ဆရာ၊ ဆရာမ များ တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် က ငယ်ရွယ်စဉ် ကလေးငယ်ဘဝမှပင် အစပြု၍ လက်ဆေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ကမ္ဘာ့လက်ဆေးပွဲတော်နေ့ အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီးနောက် Unicef ရုံး၊ ချင်းပြည်နယ်တာဝန်ခံမှ လူမှုဝန်ထမ်းဦးစီးဌာန နှင့်ပူးပေါင်း၍ ကမ္ဘာ့လက်ဆေးပွဲတော်နေ့ ဆောင်ရွက်ရခြင်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ချင်းပြည်နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ထန်နှင်းလျံက သန့်(၄)သန့်နှင့် ပတ်သက်၍ ကလေးငယ်များ စနစ်တကျဆောင်ရွက်နိုင်ရေး သရုပ်ပြ ဟောပြောပြီးနောက် မူကြိုကလေးငယ်များမှ တစ်ကိုယ်ရည် သန့်ရှင်းရေး တေးသရုပ်ဖော်များ၊ တေးကဗျာများဖြင့် သရုပ်ဆောင်ကပြခဲ့ကြပြီး တက်ရောက်လာကြသူများက ကလေးငယ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
ထို့နောက် တက်ရောက်လာကြသူများနှင့် မူကြိုကလေးငယ်များအား စနစ်တကျ လက်ဆေး နိုင်ရေးအတွက် ကျန်းမာရေးဌာနမှ လက်တွေ့လက်ဆေးခြင်းများကို သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)