ကော်ဖီဆိုတာ လူတိုင်း နှစ်သက်စွာ သောက်နေကျတဲ့ ရေပန်းအစားဆုံး သောက်စရာ တစ်ခုပါ။ ဒီလိုကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းတယ်လို့ ပြောတဲ့သူတွေလည်းရှိသလို ကျန်းမာရေးအတွက် မသင့်တော်ဘူးလို့ ပြောနေတဲ့ သူတွေလည်း အများကြီးရှိပါတယ်။ ဘယ်အရာမှ ကောင်းတာချည်းပဲ မရှိတဲ့အတွက် ကော်ဖီဟာ ကျန်းမာရေးအတွက်ကောင်းသလို ဆိုးကျိုးကိုလည်း ပေးနိုင်ပါတယ်။ ကိုယ်ကြိုက်နေတဲ့ အရာက ကိုယ့်ကျန်းမာရေးကို ထိခိုက်စေတာမျိုးတော့ ဘယ်သူမှ မဖြစ်ချင်တဲ့အတွက် ကော်ဖီကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို သောက်ရမလဲဆိုတာလေး ပြောပြချင်ပါတယ်။ ။
ကျန်းမာရေးအတွက် အကျိုးပြုအောင် ကော်ဖီကို ဘယ်လိုသောက်ရမလဲ ။ ။
• နေ့ခင်း ၂ နာရီနောက်ပိုင်း ကော်ဖီ မသောက်ပါနဲ့တော့ – ကော်ဖီဆိုတာ မနက်ပိုင်း အသောက်သင့်ဆုံးပါ။ သူ့မှာပါဝင်တဲ့ ကဖင်းဓာတ်ကြောင့် သင်တစ်နေ့တာလုံး လန်းဆန်းနေဖို့ကို ကော်ဖီက တာဝန်ယူပါတယ်။ ဒါပေမယ့် နေ့ခင်း ၂ နာရီ နောက်ပိုင်းနဲ့ ညနေဘက် ညဘက်တွေမှာ သောက်ရင်တော့ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က သင့်အိပ်စက်ချိန်တွေကို နှောင့်ယှက်ပါလိမ့်မယ်။ ။
• ကော်ဖီဆိုရင် ခါးခါးသောက်မိတယ် – ဒီသီချင်းစာသားလေးအတိုင်းပါပဲ။
ကော်ဖီဆိုတာ ပင်ကိုယ်ခါးတဲ့ သဘာဝရှိတာပါတယ်။ ဒါကို သကြားတွေအများကြီးထည့်သောက်ရင် အရသာရှိသွားပေမယ့် ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ သကြားက ကော်ဖီရဲ့ ကောင်းကျိုးတွေကို ကမောက်ကမ ဖြစ်အောင် လုပ်လိုက်တာကြောင့် ကော်ဖီရဲ့ ကောင်းကျိုးတွေ ပျောက်သွားပါလိမ့်မယ်။
• အသင့်သောက် ကော်ဖီတွေထက် ကော်ဖီစေ့ကို ကြိတ်ပြီး ရလာတဲ့ ဘာမှမရောသေးတဲ့ ကော်ဖီမှုန့်က ကျန်းမာရေးကို ပိုအကျိုးရှိစေပါတယ်။
• တစ်နေ့ကို ကော်ဖီ ၂ ခွက်ထက်သောက်တာ ပိုမကောင်းပါဘူး။ တန်ဆေး လွန်ဘေးဆိုတဲ့ စကားကလည်းရှိသေးတယ်လေ။ ကြိုက်လွန်းလို့ဆိုပြီး အများကြီးသောက်လိုက်ရင် ကျန်းမာရေးကို ကော်ဖီက ဆိုးကျိုးပဲ ပေးပါလိမ့်မယ်။
• သစ်ကြံပိုးခေါက်မှုန့် တွေ ကော်ဖီထဲထည့်သောက်ပါ – သစ်ကြံပိုးခေါက်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး သွေးတွင်း ကိုလက်စရောကို လျော့နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ကိုယ်သောက်နေတဲ့ကော်ဖီထဲကို သစ်ကြံပိုးခေါက်မှုန့်လေး ထည့်သောက်ပါ။ အရသာရှိပြီး သောက်လို့လည်း ကောင်းသလို ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။
• ကော်ဖီသောက်ဖို့အတွက်ဆိုပြီးထုတ်ထားတဲ့ အဆီနည်းတယ်ဆိုတဲ့ နို့ခရင်မ်တွေကို ရှောင်တာအကောင်းပါ။ ကော်ဖီက ပြင်းလို့ဆိုပြီး နို့ပါတဲ့ ခရင်မ်တွေ ရောသောက်ရင် သူတို့ကတောင် သင့်ကျန်းမာရေးကို ထိခိုက်စေဦးမှာပါ။ ကော်ဖီထဲကို နို့ထည့်သောက်ချင်တယ်ဆိုရင် နွားနို့ကအကောင်းဆုံးပါ။ နွားနို့ဟာ ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝတာကြောင့် သင့်အရိုးကို သန်မာစေဦးမှာပါ။
• Cocoa လို့ခေါ်တဲ့ ချော့ကလက် အနက်ရောင်မှာ ဓာတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေ ကြွယ်ဝတာကြောင့် mocha တို့ latte တို့ဆိုတာ ကော်ဖီခါးခါး အမျိုးအစားထဲမှာ လူကြိုက်လည်းများ ကျန်းမာရေးအတွက်လည်းကောင်းတဲ့ ကော်ဖီ အမျိုးအစားတွေ ဖြစ်ပါတယ်။
• ကော်ဖီရဲ့ မကောင်းတဲ့ အချက်တစ်ချက်က သူ့ဆီမှာပါတဲ့ cafestol ကြောင့်ဖြစ်ပါတယ်။ cafestol ဟာ သင့်သွေးတွင်းအဆီဓာတ်ကို မြင့်တက်စေတတ်တာကြောင့် ကိုယ်သောက်တဲ့ ကော်ဖီမှာပါတဲ့ cafestol ကို ဖယ်ချင်ရင်တော့ ကော်ဖီကို စက္ကူနဲ့လုပ်ထားတဲ့ကော်ဖီစစ် ကော်ဖီကို နှပ်သောက်ပါ။ ဒါဆို cafestol တွေ လျော့သွားပါလိမ့်မယ် ။ ။
ဒီတော့ ကိုယ်ကြိုက်တဲ့ ကော်ဖီလေးကနေ ကျန်းမာရေးကိုဆိုးကျိုးပေးတာမျိုး မလိုချင်ရင် ခုပြောထားတဲ့ အချက်တွေကို လိုက်နာပြီး ကော်ဖီကိုသောက်သင့်တယ်နော်။ ။
ရေးသားသူ -Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ- Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”