နေပြည်တော် ၃၀ ဇန်နဝါရီ 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည့် ကျန်းမာရေးအတွက် သတင်းအချက်အလက် လုပ်ငန်းအစပျိုးဆောင်ရွက်မှု တွေ့ရှိချက်များနှင့် သေဆုံးမှုဆိုင်ရာ စာရင်းအင်းများ ဖြန့်ဝေခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ မှတ်ပုံတင်ခြင်းစနစ်မှ ရရှိသော အချက်အလက်များသည် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများ၊ လူမှုဝန်ဆောင်မှုများအပါအဝင် ကဏ္ဍပေါင်းစုံလုပ်ငန်းများအတွက် အရေးပါပြီး အခြေခံကျ၍ မဟာဗျူဟာများ ချမှတ်ရေးဆွဲရန်နှင့် ရင်းနှီးမြုပ်နှံမှုများပြုလုပ်ရန် အသုံးဝင်ပါကြောင်း။

 

ထို့ပြင် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအစဉ်များ မူလဦးတည်ရာ ရည်ရွယ်ချက် လမ်းကြောင်းပေါ်တွင် မှန်ကန်တည့်မတ်မှု ရှိ/မရှိကို လေ့လာဆန်းစစ်နိုင်ရန် အတွက်လည်း အရေးပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးများတွင် မှန်ကန်တိကျပြီး အချိန်နှင့် တစ်ပြေးညီဖြစ်သည့် စာရင်းဇယားနှင့် သတင်းအချက်အလက်စနစ် ဖြစ်စေရေးကို အထူးအလေးပေးဆောင်ရွက်ကြပါကြောင်း။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မှန်ကန်တိကျပြီး အချိန်နှင့် တစ်ပြေးညီဖြစ်သည့် စာရင်းဇယားနှင့် သတင်းအချက်အလက်များရရှိပါက နေရာဒေသအလိုက်ဖြစ်ပွားမှု များပြားသည့် ရောဂါများ၊ သေဆုံးမှုများပြားလျက်ရှိသည့် ရောဂါများအတွက် ဆေးနှင့် ဆေးပစ္စည်းများ ပိုမိုသတ်မှတ်ဝယ်ယူခြင်း၊ လူအင်အားနှင့် ဘဏ္ဍာငွေများ ပိုမိုခွဲဝေအသုံးပြုခြင်းအပါအဝင် ရောဂါကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများနှင့် အခြားလိုအပ်သည့် လုပ်ငန်းစဉ်များအား တိကျမှန်ကန်စွာ ချမှတ်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုအစိုးရအဖွဲ့မှ (၂၀၁၆) ခုနှစ်၊ ဧပြီလ (၁၉) ရက် အမိန့်ကြော်ငြာ စာအမှတ် ၆/၂၀၁၆ ဖြင့် မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် Bloomberg Data for Health Initiative တို့ပူးပေါင်းပြီး D4H စီမံချက်မှ မဟာဗျူဟာလုပ်ငန်းစဉ် (၆)ရပ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်း၊ သေဆုံးကြောင်း ဖော်ပြသော ဆေးမှတ်တမ်းများ အရည်သွေးမြှင့်တင်ရေးနှင့် ပြည်သူလူထုအတွင်း သေဆုံးရသောအကြောင်းရင်းများကို နှုတ်ဖြင့် စစ်ဆေးဖော်ထုတ် မှတ်တမ်းတင်ခြင်း လုပ်ငန်းများကို သင့်တော်သည့် အဆင့်တစ်ခုအထိ ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ပါကြောင်း။

 

ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ နှီးနွယ်ဌာနများ၊ အဖွဲ့အစည်းများ ပိုမိုတက်ကြွစွာဖြင့် ဆက်လက်ချိတ်ဆက် လုပ်ဆောင်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် University of Melbourne မှ Professor Alan D. Lopez က Data for Health Initiative စီမံချက်၏ ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံအတွက် အကျိုးရှိမှုများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ၊ ဧည့်သည်တော်များနှင့်အတူ အခမ်းအနားတွင် ခင်းကျင်းပြသထားသည့် လုပ်ငန်းဆောင်ရွက်မှု ဓာတ်ပုံမှတ်တမ်းများနှင့် စာအုပ်စာတမ်းများကို လှည့်လည်ကြည့်ရှုသည်။


 
(သတင်းစဉ်)