လွန်းပိုးအိမ်

လူသားတို့သည် စား၊ ဝတ်၊ နေ၊ ရေး အတွက် နိစ္စဓူဝ စဉ်းစားကာ မနေမနားအလုပ်လုပ်နေကြရသည်။ မနက်အိပ်ရာထချိန်မှစတင်၍ အိပ်ရာဝင်သည့်အချိန်ထိ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် စိတ်ရောကိုယ်ပါ အလုပ်လုပ်နေကြရသည်။ နေ့စဉ်သောကကင်းစွာ အလုပ်လုပ်နိုင်ရန် ကျန်းမာရေးကောင်းမွန်ဖို့ အလွန်အရေးကြီးသည်ဟုဆိုသော်လည်း ခန္ဓာရှိလျှင် ဝေဒနာဆိုတာ ကပ်ပါနေသည့်အတွက် ကျန်းမာရေးနှင့် ပြည့်စုံသော နေ့တစ်နေ့ကို ပိုင်ဆိုင်ရန် လိုအပ်ပါသည်။ ကျန်းမာရေးအတွက် တစ်နေ့တာမဖြစ်မနေ လုပ်ဆောင်သင့်သည့် အချက်အချို့ကို မျှဝေပါရစေ -

သွားနှင့်ခံတွင်း ကျန်းမာရေး

ပထမဦးစွာ မနက်အိပ်ရာမှ နိုးထလာသည်နှင့် ရေကိုသောက်နိုင်သမျှ အဝသောက်ပေးခြင်းဖြင့် သွားနှင့်ခံတွင်းကို ကျန်းမာစေပြီး သွားတိုက်သည့်အခါ ဖြူစင်သောသွားများကို ပိုင်ဆိုင်စေပါသည်။ တစ်နေ့လျှင်နှစ်ကြိမ် သွားတိုက်ပေးရန် လိုအပ်ပြီး တစ်ခါတိုက်တိုင်း ခံတွင်း အထက်အောက်ဘေးပါ မကျန် နှံ့အောင်တိုက်ပေးရမည်ဖြစ်သည်။ အစာစားတိုင်း သွားကိုမထိခိုက်စေရန် စေးကပ်၊ ချွဲပစ် သောအစာများကို လွန်ကဲစွာ မစားသင့်ပေ။ သွားကို ခြောက်လ တစ်ကြိမ် ဆရာဝန်ထံ စစ်ဆေးမှုခံယူသင့်သည်။ သွားကို အိုးမဲခဲ၊ ပြာ၊ ချွတ်ဆေးတို့ဖြင့် မတိုက်သင့်ပါ။

အာဟာရမျှတစွာ စားသုံးပါ

နေ့စဉ်ကျန်းမာရေးနှင့် ညီညွတ်သော အစာအာဟာရများကို ရွေးချယ်စားသောက်ရပါမည်။ နံနက်စာကို ခန္ဓာကိုယ်လုံလောက်သည်အထိ အဝ စားရပြီး နေ့လယ်၊ ညနေစာကို အနည်းငယ်စားပေးခြင်းဖြင့် ခန္ဓာကိုယ်ကို သွယ်လျလှပစေသည်။ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ သတ္တုဓာတ်နှင့် ရေစသည်တို့ကို အာဟာရမျှတစွာ စားပေးသင့်ပါသည်။ ထမင်းစားသည့်အခါ မိသားစု စုံလင်စွာ စားသောက်ခြင်းသည် စိတ်ဓာတ်အင်အား၊ စိတ်ဖိစီးမှုကို တစ်ခဏတာ ပြေပျောက်စေပါသည်။ အစိမ်းရောင်ရှိသော  ဟင်းသီးဟင်းရွက်များကို များများစားပေးသင့်သည်။ တချို့လူများသည်တစ်ခါတည်း ဗိုက်ပြည့်အောင် စား၍မရဘဲ မကြာခဏ စားပေးခြင်းဖြင့် ဝမ်းဗိုက်ပြည့်တင်းမှုမှ လျော့နည်းစေသည်။ အစားများ၍ ဗိုက်တင်းလာလျှင် မအီမသာ ဖြစ်နေတတ်သူတို့မှာ မိမိတို့ အနေအထားအရ အစာအာဟာရကို ရွေးချယ်စားသုံးတတ်ရန် လိုအပ်ပါသည်။

အစာစားရာ၌ ဖြည်းဖြည်းချင်း ကြေညက်စွာ ဝါးစားဖို့ရာ လိုအပ်ပါသည်။ ငါးကိုစားပေးခြင်းဖြင့်လည်း ဦးနှောက်၊ နှလုံး၊ အဆစ်နှင့် အရေပြားများ ကျန်းမာစေပါသည်။

ဉာဏ်ရည်ထက်မြက်စွာ အလုပ်လုပ်ပါ

တစ်နေ့တာဆိုသည့်အတွက် မိမိ၏ဉာဏ်ရည် ထက်မြက်စေရန် စာဖတ်ခြင်း၊ ကွန်ပျူတာလေ့လာခြင်း၊ စာရေးသားခြင်းစသည့် ဘာသာရပ်တစ်ခုခုကို စိတ်ဝင်စားစွာ လေ့လာနေရန်လည်း လိုအပ်မည်ဖြစ်သည်။ လူကိုစိတ်ဒုက္ခပေးစေသော အရက်၊ ဆေးလိပ်၊ ကွမ်း၊ မူးယစ်ဆေးဝါးများကို ရှောင်ကြဉ်သင့်ပါသည်။

မိမိလုပ်ဆောင်ရမည့် အလုပ်များကိုရုံးတွင် သော်လည်းကောင်း၊ အိမ်တွင်သော်လည်းကောင်း အစီအစဉ်တကျ လုပ်ဆောင်နိုင်ရန် စနစ်တကျ အစီအစဉ်ရေးဆွဲ ဆောင်ရွက်သင့်ပါသည်။ တစ်နေ့တာ အလုပ်များကို ရေးချဆောင်ရွက်တတ်ခြင်း အလေ့အထကို ကျင့်သုံးလျှင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိကာ စိတ်ကျေနပ်စေပါသည်။ သို့မှသာ မိမိအလုပ် အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး စိတ်ချမ်းသာမှုရရှိကာ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ဖျတ်လတ်သွက်လက်သူ ဖြစ်လာပေမည်။

သို့မှသာ ဦးနှောက်ကို အသုံးချကာ လုပ်ကိုင်ဆောင်ရွက်နေရခြင်းအပေါ် မိမိကိုယ်မိမိ ယုံကြည်မှု၊ တန်ဖိုးထားမှု၊ အရေးပါမှုများ မြင့်တက်လာပြီး လုံခြုံမှုကိုရရှိကာ အနာဂတ်ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။

စိတ်ကို တည်ငြိမ်အောင်ထားပါ

ယနေ့ကာလသည် စိတ်မတည်ငြိမ်မှု၊ စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်နေကြရာ စိတ်အနှောင့် အယှက်ဖြစ်စေမည့် အကြောင်းအရာများကို မစဉ်းစားဘဲ စိတ်ကိုတည်ငြိမ်အောင် တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်းများကို ဆောင်ရွက်ပေးသင့်ပါသည်။ ညအိပ်ရာဝင်ခါနီး အချိန်တွင် စိတ်ကျေနပ်စရာများကို စဉ်းစားပြီး စိတ်ငြိမ်အောင် တရားရှုမှတ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်အောင် ကြိုးစားလုပ်ဆောင်ပေးခြင်းဖြင့် အိပ်ဆေးမလိုဘဲ သဘာဝအတိုင်း ပုံမှန်အိပ်ပျော်စေပါသည်။ ကျန်းမာရေးကောင်းမွန်စေရန်အတွက် အိပ်ရေးဝရန်လည်း လိုအပ်ပါသည်။

မိသားစုနှင့် ပျော်ရွှင်စွာနေထိုင်ပါ

မိမိ၏မိသားစု ညီအစ်ကိုမောင်နှမများနှင့်လည်း ပျော်ရွှင်စွာ နေထိုင်ပေးရပါမည်။ မိသားစုအတွက် အချိန်တစ်ချိန်ပေးရန် အထူးလိုအပ်သည်။ အလုပ်ချည်းလုပ်နေ၍မရဘဲ မိမိ၏ မိသားစုကိုလည်း မျှတစွာ အချိန်ပေးဖို့ လိုအပ်ပါသည်။ ပတ်ဝန်းကျင် နှင့်လည်း သင့်တင့်လျောက်ပတ်စွာ နေထိုင်နိုင်ခြင်းသည် လှပသော လူနေမှုစနစ်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။ ပျော်ရွှင်သော မိသားစုဘဝသည် ကျန်းမာရေးအတွက် များစွာအထောက်အကူ ဖြစ်စေပါသည်။

အားကစားပြုလုပ်ပါ

မိမိနှင့် သင့်တော်သော၊ ဝါသနာပါသော အားကစားလှုပ်ရှားမှုကို နေ့စဉ်မပြတ် ပြုလုပ်ပေးရပါမည်။ ဥပမာ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကြက်တောင်ရိုက်ခြင်၊ တင်းနစ်ရိုက်ခြင်း၊ ခြင်းခတ်ခြင်း၊ ဘောလုံးကန်ခြင်း၊ ဘတ်စကက်ဘောကစားခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါသည်။ တစ်ဦးတစ်ယောက်တည်းကစားသော ကစားနည်းများကို ပြုလုပ်နိုင်သကဲ့သို့ အဖွဲ့အစည်းနှင့်လည်း ပြုလုပ်နိုင်ပါသည်။ ထိုသို့ အားကစားပြုလုပ်ခြင်းသည် ကျန်းမာရေးအတွက် ကောင်းမွန်စေပါသည်။

မူးယစ်ဆေးဝါး ရှောင်ရှားပါ

အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းများသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ အသည်း ရောင်ခြင်း၊ အဆုပ်ရောင်ခြင်း၊ အသည်းကင်ဆာ၊ သွေးတိုး၊ နှလုံးနှင့် ခံတွင်းကင်ဆာများ ဖြစ်ပွားနိုင်ပါသည်။

လူသားတစ်ဦးအနေဖြင့် အသက်ရှည်အနာမဲ့ စေရေးအတွက် ကျန်းမာရေးအတွက် တစ်နေ့တာဆောင်ရန်၊ ရှောင်ရန်များကိုသိရှိပြီး ကျန်းမာရေး အလေ့အကျင့်ကောင်းများကို လိုက်နာကာ အသိ၊ သတိတို့ဖြင့် ဆင်ခြင်ကာ စားသောက်ကြရန် များစွာလိုအပ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။     ။