နေပြည်တော်  ၁၉  သြဂုတ် 


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော် Park Royal Hotel ၌ ကျင်းပသော ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးကောင်းမွန်မှု နှင့် လူနာဘေးကင်းလုံခြုံမှု လုပ်ငန်းစဉ်များအတွက် SingHealth အဖွဲ့၊Temasek Foundation နှင့် ဝန်ကြီးဌာနတို့အကြား သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေး ထိုးခြင်းနှင့် လုပ်ငန်းစဉ် စတင်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးကောင်းမွန်မှုနှင့် လူနာဘေးကင်းလုံခြုံမှု လုပ်ငန်းစဉ်များ စတင်မှုသည် ရောဂါဘယနှင့် ကျန်းမာရေးပြဿနာအမျိုးမျိုးတို့ကို ခံစားနေရသူများအပါအဝင် ပြည်သူများအားလုံးအတွက် ရေရှည်ကာလအထိ အကျိုးကျေးဇူးများစေမည်ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းကြောင့်ဆေးရုံအတွင်းရောဂါပိုး ကူးစက်ခြင်း၊ လူနာများတွင် မူလရောဂါအပြင် ထပ်မံ၍ ရောဂါပိုးဝင်ခြင်း၊ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများဖြစ်ပွားခြင်း၊ ရောဂါသက်သာပျောက်ကင်းရန် အချိန်ကြာခြင်း၊ ဆေးရုံ တက်ရောက်ရချိန်ကြာခြင်း၊ လူနာများနှင့် နိုင်ငံတော်အတွက် ငွေကုန်ကျမှုများပြားခြင်းတို့ဖြစ်ပွားနိုင်ပါကြောင်း၊ လူနာဘေးကင်း လုံခြုံမှု ရရှိရေးသည်- ကြီးမားကျယ်ပြန့်ပြီး လူနာ၏ရောဂါ ရာဇဝင်မေးမြန်း၍ စစ်ဆေးစမ်းသပ်ခြင်း၊ ဆေးကုသမှုပေးခြင်းမှ ရောဂါသက်သာပျောက်ကင်းသည်အထိ လုပ်ငန်းအဆင့်တိုင်းတွင် ဆေးပညာဘာသာရပ်ပေါင်းစုံမှ ပါဝင်၍ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း။


ဆေးကုသမှုအဆင့်တိုင်းကို ဘက်ပေါင်းစုံမှ စနစ်တကျဆန်းစစ်ခြင်း (medical audit) ပြုလုပ်ပြီး အရည်အသွေးလေ့လာဆန်းစစ်နိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင် (၃) ဦးနှင့် ပူးပေါင်း၍ မကြာမီစတင်ဆောင်ရွက်တော့ မည်ဖြစ်ပါကြောင်း။


ယခုကဲ့သို့ စင်ကာပူနိုင်ငံမှ SingHealth အဖွဲ့၊ Temasek Foundation တို့နှင့် ဝန်ကြီးဌာနအကြားပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံ၏ ကျန်မာရေးစောင့်ရှောက်မှု အရည်အသွေးကောင်းမွန်မှု နှင့် လူနာဘေးကင်းလုံခြုံမှုများ ပိုမိုတိုးတက်ကောင်းမွန်လာနိုင်မည်ဖြစ် ပါကြောင်း၊ စင်ကာပူနိုင်ငံတွင် အသုံးပြုနေသော လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ငန်းလမ်း ညွှန်များ၊ လုပ်ထုံးလုပ်နည်းများကိုလည်း လေ့လာ၍ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည်များကို ရယူအသုံး ချသွားရမည်ဖြစ်ပါကြောင်း။


လူနာဘေးကင်းလုံခြုံမှု အကြောင်းတရားများကို ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများ၏ သင်ရိုး ညွှန်းတမ်းများတွင် အလေးပေးထည့်သွင်းသင်ကြားသွားရမည်ဖြစ်ပါကြောင်း၊ လူနာဘေးကင်း လုံခြုံမှု စွမ်းဆောင်ရည်မြှင့်သင်တန်းများပြုလုပ်ရာတွင် ဆရာဝန်၊ သူနာပြုများသာမက စီမံခန့်ခွဲရေး တာဝန်ရှိသူများကိုပါ ထည့်သွင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းဆောင်ရွက်မည့်သူအားလုံး လူနာဘေး ကင်းလုံခြုံမှုသဘောတရားများကို နားလည်သိရှိပြီး ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည် ဖြစ်ပါ ကြောင်း၊ လူနာဘေးကင်းလုံခြုံမှု (patient safety) နှင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မှုတို့နှင့် ပတ်သက်သည့်သုတေသနများ (qualitative research) ကို ပိုမိုပြုလုပ်သွား စေလိုပါကြောင်း၊ထို့အပြင်လူနာဘေးကင်းလုံခြုံမှုဆိုင်ရာ အလေ့အကျင့်ကောင်းများကို ပညာရှင်များ အချင်းချင်း ဝေမျှခြင်းကိုလည်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီး  Ms. Vanessa Chan က အမှာစကားပြောကြားပြီး၊ စင်ကာပူနိုင်ငံTemasek Foundation International မှ Chief Executive ဖြစ်သူ Mr. Benedict Cheong ၊  SingHealth အဖွဲ့မှ Deputy Group CEO ဖြစ်သူ Professor Fond Kok Yong တို့က နှုတ်ခွန်းဆက်စကားနှင့် နားလည်မှုသဘောတူညီစာချွန်လွှာနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီး တို့၏ရှေ့ မှောက်တွင်ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦးနှင့် Professor Fond Kok Yong တို့က သဘောတူညီမှုစာချွန်လွှာကိုလက်မှတ်ရေးထိုးကြသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် စင်ကာပူနိုင်ငံ SingHealth အဖွဲ့၊ Temasek Foundation တို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ဆေးရုံပေါင်း (၄၀)ကျော်မှ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူ (၇၀ဝ)ကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးမြင့်မားမှု၊ လူနာဘေး ကင်းလုံခြုံမှု၊ ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း ဆိုင်ရာ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများကို (၂၀၂၂) ခုနှစ်အထိ (၃) နှစ်တာကာလ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်) 

 

KYS_334