ကျန်းမာရေးမဏ္ဍိုင် မြင့်မားကြံ့ခိုင်

၁၂   မတ်

 

စီးပွားရေးမဖွံ့ဖြိုးမှု၊ လူမှုဘဝနိမ့်ကျမှု၊ ရောဂါဘယထူပြောမှုတို့သည် နိုင်ငံသားများ၏ ကျန်းမာရေးကို ထိခိုက်မှုဖြစ်စေပြီး လူ့မျှော်မှန်းသက်တမ်းလည်း ကျဆင်းစေသည်ဟု ကမ္ဘာ့နိုင်ငံများအပေါ် လေ့လာဆန်းစစ်ချက်များအရ သိသာစေပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုနည်းသေးသော နိုင်ငံဖြစ်သော်လည်း နိုင်ငံသားများ၏ ကျန်းမာရေး ချို့ယွင်းမှု၊ လူ့မျှော်မှန်း သက်တမ်းကျဆင်းမှု နည်းပါးသည်ဟု ဆိုနိုင်သည်။

 

မြန်မာနိုင်ငံသားများသည် “မြန်မာ” ဟူသော အမည်သတ်မှတ်ချက်နှင့်အညီ မြန်သော၊ မာသော လူမျိုးများဖြစ်သည်ဟု ဆိုရလောက်အောင် ကျန်းမာသည်ဟုဆိုနိုင်သော ခံနိုင်ရည်၊ ကိုယ်ခံအားကောင်းသည့် လူမျိုးများဟု ဆိုရမလိုဖြစ်သည်။ တိုင်းတစ်ပါးသားများက အစားအစာတို့အပေါ်တွင် သန့်ရှင်းမှု၊ အာဟာရပြည့်ဝမှု၊ အရည်အသွေးကောင်းမှု စသည်ဖြင့် စုံလင်အောင် ရွေးချယ်တတ်ကြသောကြောင့် ကျန်းမာသန်စွမ်း သူများဟု ဆိုချင်ဆိုနိုင်သည်။ မြန်မာနိုင်ငံသားများမှာမူ အစားအစာတို့ အပေါ်တွင် အူမချေးခါး ချေးမများဘဲ ဖြစ်သလိုစား၊ တန်သင့်ရုံ စားသောက်တတ်ကြသော်လည်း ကိုယ်ခံကျန်းမာရေးနှင့် လူ့မျှော်မှန်းသက်တမ်း မကျဆင်းသည်မှာ မြန်မာဟူသောအမည်နှင့် လိုက်ဖက်လျော်ညီပါသည်။

 

လက်ရှိကာလတွင် ပြည်သူများ လူမှုဘဝအတွက်လိုအပ်မည့် ဖွံ့ဖြိုးမှုများကို ဖြည့်ဆည်းဆောင်ရွက် ပေးနေသလို လူမှုကာကွယ် စောင့်ရှောက်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့တွင် ကျေးလက်၊ မြို့ပြ မခွဲခြားဘဲ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ဖွံ့ဖြိုးတိုးတက်မှုမှာ ယခင်ကထက်စာလျှင် မြင့်မားလာသည်ဟု ဆိုနိုင်ပါသည်။ သို့သော် ကျေးလက်ဒေသများ အနေဖြင့် မြို့ပြဒေသများနှင့် နှိုင်းစာလျှင် ဖွံ့ဖြိုးတိုးတက်မှု အလှမ်းကွာနေသေးသည်ကို ဝန်ခံရမည်ဖြစ်သည်။ သို့ရာတွင် အချို့ကိစ္စရပ်များ၌ ကျေးလက်ဒေသများအား ဦးစားပေးဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

 

ကျန်းမာရေးကဏ္ဍတွင် ကျေးလက်များထက် မြို့ပြများတွင် ပိုမိုဖွံ့ဖြိုး တိုးတက်လာသည်ကို တွေ့ရသည်။ လိုအပ်နေသော ကျေးလက်ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးလာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက မိခင်နှင့် ကလေးကျန်းမာရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေကြောင်း သိရသည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က စတင်ထုတ်ဝေ ဖြန့်ချိခဲ့သည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းတွင် ပါဝင်သည့် “ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့က မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ရေး အစီအစဉ်”၏ ထောက်ပံ့မှုအဖြစ် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျပြီး ထောက်ပံ့ပေးဖို့ လိုအပ်နေသော ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂဒေသများတွင် စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်။

 

ကျေးလက်ဒေသများတွင် နှစ်နှစ်အောက် ကလေးများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အရေးကြီးသည်ကို နားလည်သိရှိခြင်း မရှိကြသေးချေ။ နှစ်နှစ်အောက် ကလေးများအတွက် ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမှာ အလွန်အရေးကြီးပြီး ထိုအရွယ်ကလေးများ အာဟာရပြည့်ဝမှသာ ၎င်းကလေးငယ်၏ ဘဝတစ်လျှောက်လုံး ဉာဏ်ရည်ပြည့်ဝမည်ကို မိခင်များအားလုံး သိရှိနားလည်စေရေး ကျန်းမာရေးအသိပညာပေးရန် လိုအပ်ပေသည်။ ယခင်က ကလေးအာဟာရပြည့်ဝရေး အစီအစဉ်ကို လုပ်ဆောင်ခဲ့ကြဖူးသည်။ ကလေးအာဟာရပြည့်ဝစေမည့် ဗီတာမင်ဆေး တိုက်ကျွေးခြင်းဖြစ်သည်။ ထိုအစီအစဉ်သည် နိုင်ငံ့အနာဂတ်အတွက် အထူးအရေးကြီးသဖြင့် ကျန်းမာရေးဌာနသာမက မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းကဲ့သို့ အသင်းအဖွဲ့များက အချိန်အခါအလိုက် ပုံမှန်တိုက်ကျွေးကြဖို့ လိုအပ်ပေသည်။

 

လက်ရှိကာလတွင် မြန်မာအမျိုးသားတို့၏ မျှော်မှန်းသက်တမ်းမှာ ၆၀ ဒသမ ၂ နှစ်ဖြစ်ပြီး မြန်မာအမျိုးသမီးများ၏ မျှော်မှန်းသက်တမ်းမှာ ၆၉ ဒသမ ၃ နှစ်ဖြစ်သောကြောင့် အမျိုးသားများထက် အမျိုးသမီးများမှာ ကျန်းမာရေး ပိုမိုကောင်းမွန်သည်ကို တွေ့ရသည်။ မြန်မာတို့အတွက် ကျန်းမာရေးကောင်းမွန်သော အစီအမံများကို ပိုမိုဖော်ဆောင်ပေးခြင်းဖြင့် လူ့မျှော်မှန်းသက်တမ်း ပိုမိုတိုးတက်လာရန် ကြိုးပမ်းအားထုတ်ရမည် ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏အနာဂတ် ပိုမိုကောင်းမွန်ရေးအတွက် ကလေးသူငယ်များအတွက် ကျန်းမာရေးအစီအမံများကို ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ။

 

ကြေးမုံ (အယ်ဒီတာ့အာဘော်)