ရန်ကုန် ၁၀  ဩဂုတ်

 

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအခြေစိုက် TBEA Electrical and Powering Co., Ltd မှ နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲ က ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသန ဦးစီးဌာန(ရုံးချုပ်) အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

 

ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကောင်စစ်ဝန် Mr. Tan Shu Fu နှင့် ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူး ချုပ်ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း တို့က အမှာစကား ပြောကြားပြီး TBEA Electrical and Powering Co., Ltd မှ အထွေထွေမန်နေဂျာ Mr. Liu Zhi Fei က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။

 

ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း ထံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကောင်စစ်ဝန် Mr. Tan Shu Fu နှင့် TBEA Electrical and Powering Co., Ltd မှ အထွေထွေမန်နေဂျာ Mr. Liu Zhi Fei တို့က နှာခေါင်းစည်းများ ပေးအပ် လှူဒါန်းပြီး ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

 

ယနေ့ လှူဒါန်းပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအခြေစိုက် TBEA Electrical and Powering Co., Ltd မှ ငွေကျပ် သိန်း ၁၂၀  တန်ဖိုးနှင့် ညီမျှသော နှာခေါင်းစည်း တစ်သိန်းခွဲကို လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

(သတင်း-မင်းသစ်(MNA) /ဓာတ်ပုံ-ဇော်မင်းလတ်)