ရန်ကုန် ၁၆ ဖေဖော်ဝါရီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ Hoku' etsu University Judo Federation President Yasuji Maki ဂျပန်နိုင်ငံ တက္ကသိုလ် ကျောင်းသားများဂျူဒိုအဖွဲ့ အဖွဲ့ခေါင်းဆောင်များနှင့် လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံဂျူဒိုအားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရေးကို မြှင့်တင်ပေးခြင်းအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မိမိတို့၏ မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားသမားများအား ၂၀၁၉ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် အစွမ်းကုန်ပူးပေါင်း သင်ကြားပေးစေလိုကြောင်း၊ လိုအပ်ချက် အကူအညီများရှိပါက ရင်းနှီးပွင့်လင်းစွာ ပြောကြားရန် လိုအပ်ပါကြောင်း၊ ဂျပန်နိုင်ငံတက္ကသိုလ် ကျောင်းသားများဂျူဒိုအဖွဲ့ All Japan Judo Federation မှတစ်ဆင့် မြက်ဖျာ(၁၃၇)ချပ်ကို မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်သို့ လှူဒါန်းမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ခုနှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲအား ရည်စူး၍ ဂျပန်နိုင်ငံတွင် လာရောက်ပူးတွဲ လေ့ကျင့်စေလိုပါကြောင်း၊ မိမိတို့အဖွဲ့အား ဧည့်ဝတ်ကျေပွန်စွာ ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ဂျူဒိုလေ့ကျင့်ရေးခန်းမတွင် Hoku' etsu University Judo Federation ဂျပန်နိုင်ငံတက္ကသိုလ် ကျောင်းသားများ ဂျူဒိုအဖွဲ့ (၁၄)ဦးနှင့် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားသမားများ ပူးပေါင်းလေ့ကျင့်နေမှုအား ကြည့်ရှုအားပေး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက မြန်မာ့လက်ရွေးစင်ဟောင်းများအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ တွေ့ဆုံသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြန်မာ့လက်ရွေးစင်ဟောင်းကြီးများက မြန်မာတစ်နိုင်ငံလုံးရှိ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (၆)ကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် ပေါင်းစပ်လုပ်ကိုင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အား/ကာ (ရန်ကုန်)