နေပြည်တော် ၂၀ ဧပြီ 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဧပြီ (၁၈) ရက် မွန်းလွဲ (၁) နာရီတွင် Video Conferencing စနစ်ဖြင့်ကျင်းပခဲ့သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်များ၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများအား ဆောင်ရွက်မှု အခြေအနေများ ခြုံငုံဆန်းစစ်ခြင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက-   

 

•    ဤသို့ခြုံငုံသုံးသပ်ဆန်းစစ်ရခြင်းမှာ မိမိတို့ဆောင်ရွက်လျက်ရှိသော လုပ်ငန်းနည်းဗျူဟာများ၏ ထိရောက်မှုရှိ၊ မရှိ၊ အခြေအနေနှင့် လိုအပ်ချက်များကို ဖော်ထုတ်ကာ လိုအပ်သည်များ အားဖြည့်ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊

 

•    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် (၄-၁-၂၀၂၀) ရက်နေ့မှ စတင်၍ COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လာခဲ့ရာတွင် ဤရောဂါအသစ်၏ ဖြစ်စဉ်ပြောင်းလဲမှုပုံစံ၊ ပြောင်းလဲလာသော ရောဂါဖြစ်ပွားမှုနှင့် ရောဂါကူးစက် ပျံ့နှံ့ပုံစံများနှင့်အညီ မိမိတို့သည် နည်းဗျူများ မွမ်းမံပြောင်းလဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

•    ယခုနှစ်ဦးပိုင်း၌ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့စဉ်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်းနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေး စီမံချက်ပုံစံရေးဆွဲချမှတ် ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပါကြောင်း၊

 

•    ယခုအခါ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဖြစ်ပေါ်လျက်ရှိသော ရောဂါနှင့် ပတ်သက်သည့် ကပ်ရောဂါဗေဒဆိုင်ရာ အခြေအနေအဝဝ (epidemiological situation) ကို အနီးကပ်အသေးစိတ် သုံးသပ်လျက်ရှိပြီး လိုအပ်လျှင် လိုအပ်သလို နည်းဗျူဟာအချို့ကို မွမ်းမံပြင်ဆင် ချမှတ်ကာတိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

•    သို့မှသာ ငွေကုန်ကြေးကျနည်းပါးစွာဖြင့် အကျိုးရှိထိရောက်အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊

 

•    ယခုအခါဆေးရုံ၌ COVID-19 လူနာများအား ကုသမှုနှင့် လူနာများနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေဖော်ထုတ်ခြင်း (contact tracing) တို့သည် ပထမဦးစားပေး အဆင့် ဖြစ်လာပြီဖြစ်ပါကြောင်း၊

 

•    လူနာများနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေဖော်ထုတ်ခြင်းတွင် ပြည်သူများနှင့် လူမှုရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အလွန်မြင့်မားပြီး မရှိမဖြစ်လိုအပ်ပါကြောင်း၊

 

•    ယနေ့အစည်းအဝေးတွင် ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းများ၊ ဆောင်ရွက်နေဆဲ လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ပွင့်ပွင့်လင်းလင်း ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးစေလိုပါကြောင်း၊

 

•    လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများ၊ တစ်ကိုယ်ရေ ကူးစက်ရောဂါ ကာကွယ်ရေးဝတ်စုံနှင့် အသုံးအဆောင်များအား အသုံးပြုမှုနှုန်းထား ပုံစံများကို လေ့လာ၍ သိပ္ပံနည်းကျတွက်ချက်ကာ လျော့နည်းကုန်ဆုံးလာမည့် ပမာဏနှင့် ထပ်မံလိုအပ်နိုင်သည့် ပမာဏတို့ကို အချိန်နှင့် တစ်ပြေးညီ ကြိုတင်မှာကြားရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

•    ယခုအချိန်၌ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်တွေ့မြေပြင်၌ အဖွဲ့အစည်းများစွာ ပါဝင်သည်မှာ ကောင်းမွန်သော်လည်း မိမိတို့သည် ၎င်းအဖွဲ့အစည်းများနှင့် စနစ်တကျ ချိန်သားကိုက် ပူးပေါင်းဆောင်ရွက်မှုများသည် အထူးအရေးကြီးပါကြောင်း၊

 

•    ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းပါဝင်ဆောင်ရွက်နေသူ အားလုံးအကြားတွင် သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ အပြန်အလှန် ဝေမျှမှုများသည် အလွန်အရေးကြီးသည့် အချက်တစ်ချက်ဖြစ်ပါကြောင်း၊

 

•    ပြည်တွင်းသို့ ပြန်လာသူမြန်မာနိုင်ငံသားများအား အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများအား စနစ်တကျ ကြိုတင်ပြင်ဆင်စီမံခန့်ခွဲမှုသည် အထူးအရေးကြီးပါကြောင်း၊

 

•    ယခုအခါရောဂါပျံ့နှံ့မှုပုံစံ သိရှိရန်အတွက် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုရာ နေရာများမှ ဓာတ်ခွဲနမူများ ပိုမိုရယူဆောင်ရွက်လျက်ရှိပါကြောင်း၊

 

•    ပြည်သူ့ကျန်းမာရေး ပိုမိုကောင်းမွန် ထိရောက်စေရေးအတွက်လည်းကောင်း၊ ကုသမှုပိုင်းဆိုင်ရာများ ပိုမိုကောင်းမွန်စေရန် အတွက်လည်းကောင်း သုတေသနများပိုမိုပြုလုပ် စေလိုပါကြောင်း၊

 

•    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 နှင့်ပတ်သက်သော သတင်းအချက်အလက်များကို လုံးဝထိန်ချန်ခြင်းမရှိဘဲ ပွင့်လင်းမြင်သာစွာ ပေးအပ်လျက် ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ရောဂါဖြစ်ပွားမှု သတင်းအချက်အလက် အမှန်များကို သိရှိမှသာ မိမိတို့ကိုယ်တိုင် ရောဂါကူးစက်မှု မခံရစေရေးအတွက်လည်းကောင်း၊ ရောဂါကာကွယ်ရေး လုပ်ငန်းများကိုလည်းကောင်း အလေးထား ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက်ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က ဆေးနှင့်ဆေးပစ္စည်းများ၊ ရောဂါကူးစက်မှု ကာကွယ်ရေးဝတ်စုံနှင့် အသုံးအဆောင်များကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထပ်မံဖြန့်ဝေထားရှိမှု စသည်တို့ကိုရှင်းလင်းပြောကြားသည်။

 

ထို့နောက်ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊ ကုသရေး၊ ပြည်တွင်းပြည်ပ ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြသည်။

 

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးသည် Video Conferencing စနစ်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်များ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်များ၊ တာဝန်ရှိသူများနှင့် လုပ်ငန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)