နေပြည်တော် ၂၅ ဖေဖော်ဝါရီ

 

မြန်မာ့အားကစားအဆင့်အတန်း တိုးတက်စေရန်ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး(အားကစား)နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနရှိ အရာထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

dr1111

 

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော အားကစားနည်းပြများက အားကစားနည်းအလိုက် မိတ်ဆက်ကြသည်။

 

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြန်မာ့အားကစားအဆင့်အတန်း တိုးတက်စေရန်အတွက် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများ အရည်အချင်းပိုမိုပြည့်ဝပြီး သန်မာလာရန် လိုအပ်ကြောင်း၊ လက်ရှိဌာနခွဲများတွင် တာဝန်ထမ်းဆောင်နေသော နည်းပြနည်းစနစ်မှူးများသည် အများစုမှာ လက်ရွေးစင်ဟောင်းများ ဖြစ်ကြပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများ အားကစားနည်းအလိုက် မကျင်းပမီ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ အားကစားနည်းများကို ခေတ်မီတိုးတက် ပြောင်းလဲလာသော နည်းစနစ်များ၊ အမှတ်ပေးစည်းမျဉ်းများ၊ (Coaching) ဆိုင်ရာများကို ကြိုတင်ဖြန့်ဝေပြင်ဆင်ရန်လို အပ်ပါကြောင်း၊ နည်းပြနည်းစနစ်မှူးများ အားကစားနည်းအလိုက် အားကစားနှင့်ကာယ သိပ္ပံကျောင်းများ၌ဖြစ်စေ၊ မြို့နယ်များ၌ဖြစ်စေ မိမိတို့အားကစားနည်းတိုးတက်ပြန့်ပွား စိတ်ဝင်စားလာအောင် အောက်ခြေကျကျ လက်တွေ့လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နည်းပြနည်းစနစ်မှူးများအနေနှင့် နည်းပြအရည်သွေးတိုးတက်မြင့်မားအောင် လက်ရှိအတိုင်းရပ်မနေဘဲ အားကစားနည်းအလိုက် တိုးတက်ပြောင်းလဲလာသော နည်းစနစ်များကို Internet မှတစ်ဆင့် ရှာဖွေလေ့လာရန်လိုအပ်ကြောင်း၊ အားကစားနည်းအလိုက် နိုင်ငံခြားသို့ ဝန်ကြီးဌာနအလိုက် ပညာတော်သင်များ စေလွှတ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ နည်းပြနည်းစနစ်များအနေနှင့် (English) စာကို ယခုထက် ပိုမိုရေးနိုင်၊ ဖတ်နိုင်၊ ပြောနိုင်အောင် ကြိုတင်လေ့ကျင့်စေလိုကြောင်း၊ မြန်မာ့အားကစား ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန် (National Coaching Camp) (Excellent Center) (Talent-Scouting)များ မဖြစ်မနေစပြီး လုပ်ဆောင်ရန်လိုအပ်ကြောင်း ပြောကြားသည်။

 

dr2222

 

ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းတို့မှ အားကစားဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲတွင် မြှားပစ်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘိလိယက်၊ လက်ဝှေ့၊ ခရစ်ကက်၊ စက်ဘီး၊ ဓားခုတ်၊ ဘောလုံး၊ ဖူဆယ်၊ ကျွမ်းဘား၊ ဟော်ကီ၊ ဂျူဒို၊ ကရာတေး၊ ပန်ကြပ်ဆီလပ်၊ ပီတန်း၊ လှေလှော်၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘော၊ ဗိုဗီနမ်၊ အလေးမ၊ နပန်း၊ အေရိုးဗစ်၊ ဝူးရှူးအားကစားနည်းမှ နည်းပြများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်