နေပြည်တော် ၂၀ မေ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက်စာမျက်နှာများ ပိုမိုကောင်းမွန် တိုးတက်စေရေး ဆွေးနွေးပွဲကို ညနေပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုအခါတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ တိုးတက်မှုများမြင့်မားလာသည်နှင့်အမျှ ပြည်သူများသည်လည်း မိုဘိုင်းဖုန်းများ၊ အင်တာနက်နည်းပညာများ၊ လူမှုကွန်ရက် စာမျက်နှာများကို သုံးစွဲမှုများပြားလာသည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများထံသို့ သတင်းအချက်အလက်များပေးပို့ခြင်း၊ ကျန်းမာရေး အသိပညာပေး နှိုးဆော်မှုများပြုလုပ်ခြင်းတို့ကို အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက်စာမျက်နှာများကို အသုံးပြု ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် အသုံးပြုရပိုမိုလွယ်ကူစေရန်၊ ပြည်သူများထံသို့ ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ရောဂါဖြစ်ပွားတတ်သည့် အကြောင်းအရာ၊ ရောဂါကာကွယ်ရန် နည်းလမ်းများ စသည့် ကျန်းမာရေးအသိပညာ အချက်အလက်များကို ပညာရပ်ဆိုင်ရာခက်ခဲသော အသုံးအနှုန်းများလျှော့ချပြီး လွယ်ကူနားလည်လွယ်သော အသုံးအနှုန်းများဖြင့် ပြည်သူများမှ ရှင်းလင်းစွာကြည့်ရှု နားလည်စေရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ် ကာလဖြစ်၍ ကိုဗစ်-၁၉ နှင့် ပတ်သက်သော ကျန်းမာရေး အချက်အလက်များကို ပြည်သူများ စိတ်ပါဝင်စားစွာလေ့လာကြသည်ကို တွေ့ရှိရပါကြောင်း၊ ကိုဗစ်-၁၉ ထက်ပင် ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းမြင့်မားသော အခြားသော ကျန်းမာရေးပြဿနာများနှင့် ရောဂါများနှင့်ပတ်သက်သော ကျန်းမာရေးအချက်အလက်များကိုလည်း ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် သိရှိစေရန် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ကျန်းမာရေးစီမံချက်လုပ်ငန်းများနှင့် ပတ်သက်သော အချက်အလက်များ၊ ၎င်းလုပ်ငန်းများတွင် ပြည်သူများအနေဖြင့် ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်သည့် အခန်းကဏ္ဍများ၊ ပြည်သူများမှ အကြံပြုချက်များပေးအပ်နိုင်မည့် ကဏ္ဍများကိုပါ ပြည်သူများထံ ရောက်ရှိနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို ဝန်ကြီးဌာန၏ အင်တာနက်နှင့် လူမှုကွန်ရက် စာမျက်နှာများမှ ဖြန့်ဝေရာတွင် ယခုထက်ဘက်စုံ ပိုမိုကောင်းမွန်တိုးတက်စေရေး အကြံပြုချက်များ ပေးအပ်စေလိုပြီး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန်နှင့် eHealth Division မှ တာဝန်ရှိသူများက လက်ရှိတွင် ဝန်ကြီးဌာန၏ အင်တာနက်နှင့် လူမှုကွန်ရက်စာမျက်နှာများမှ ပြည်သူများထံ သတင်းအချက်အလက်နှင့် ကျန်းမာရေးအသိပညာ အချက်အလက်များ ဖြန့်ဝေနေမှု၊ အီလက်ထရောနစ်သုံး ရုံးစာစီမံခန့်ခွဲမှုစနစ် (e-memo) ဆောင်ရွက်ပြီးစီးမှု၊ လက်ရှိသုံးစွဲနေသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုစနစ် (health man power database)၊ Facebook Myanmar Team နှင့် ချိတ်ဆက်ဆောင်ရွက်နေမှု၊ Facebook Myanmar Team မှ အကြံပြုချက်များကို တင်ပြသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


