တံတားဦး၊ ၁၁ ဒီဇင်ဘာ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ရေခါးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီက  မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေကို ကျေးရွာအရောက် သွားရောက်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးကြောင်း သိရသည်။

 

အဆိုပါ စီမံကိန်းချေးငွေထုတ်ပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေးနှင့် ဝန်ထမ်းများက ချေးငွေလာရောက်ထုတ်ယူကြသော ပြည်သူများ အားလူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် အချိန်ကြန့်ကြာမှုမရှိစေရေး စနစ်တကျ လက်ဆေးစေခြင်း ကိုယ်အပူချိန်တိုင်းတာပေးခြင်း (Mask) တပ်ဆင်စေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ခြောက်ပေကွာစနစ်ဖြင့် ထုတ်ပေးခဲ့ပါကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားနေ့သည့် ကာလအတွင်း ကျေးလက်နေပြည်သူများ၏ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများနှင့် မိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများထိခိုက်မှု သက်သာစေရန် ရည်ရွယ်ပြီး   ယခုလိုဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေး ကပြောကြား၍ သိရသည်။

 

မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်မတည် ရန်ပုံငွေများကို တံတားဦးမြို့နယ် ရေခါးကျေးရွာအုပ်စု ရေခါးကျေးရွာ၌ စိုက်ပျိုးရေးလုပ်ကိုင်သူ (၁၂၁)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၁၂၅)ဦးနှင့် အရောင်းအဝယ်လုပ်ကိုင်သူ (၁၆၀)ဦး စုစုပေါင်း (၄၀၆)ဦးကို မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် (၄၆၅)သိန်းအား ထုတ်ချေးပေးခဲ့ပါကြောင်း မြို့နယ်ဦးစီးမှူးမှ ဆက်လက်ပြောကြားချက်များအရ သိရသည်။

ရဲတင့်(တံတားဦး-ပြန်/ဆက်)