ရန်ကုန် ၂၃ မေ
ကိုဗစ်-၁၉ ရောဂါ ပြည်သူလူထုအတွင်း ကူးစက်မှုမရှိစေရေး ကွင်းဆင်းရှာဖွေ ဆောင်ရွက်မှုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့တို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်အတွင်း၌ အလိုအလျောက် ကိုယ်အပူချိန်တိုင်းစက် (Infrared Thermal Detection Unit) တပ်ဆင်ထားသော မော်တော်ယာဉ်ကြီးများဖြင့် တစ်ဦးခြင်း ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်အတွင်း ရပ်ကွက်ပေါင်း ၁၀ ရပ်ကွက်ရှိသည့်အနက် အမှတ် (၁၊ ၂၊ ၃၊ ၄၊ ၅) ရပ်ကွက်တို့တွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ အလိုအလျောက် ကိုယ်အပူချိန်တိုင်းစက် (Infrared Thermal Detection Unit) တပ်ဆင်ထားသော မော်တော်ယာဉ် ကြီးများဖြင့် အဆိုပါရပ်ကွက်များအတွင်းရှိ ပြည်သူများအား တစ်ဦးခြင်း ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကြသည့် အပြင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့အစည်းများက အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်မှုအပေါ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ပြည်သူလူထုကြားမှာ ကိုဗစ်နဲ့ ပတ်သက်တဲ့ လက္ခဏာရပ်တွေ ရှိနေတဲ့သူရှိခဲ့ရင်လည်း အခုလို စစ်ဆေးလိုက်ခြင်းအားဖြင့် ကုသမှုပေးနိုင်မယ်။ အဲဒီလို ဆောင်ရွက်ပေးခြင်းအားဖြင့် ဖြစ်နိုင်မယ့် ကူးစက်မှုကွင်းဆက်ကို လိုက်နိုင်မယ်။ ကွင်းဆက်ကို ဖြတ်နိုင်မှာဖြစ်တဲ့ အတွက် ဒီအစီအစဉ်ကို ပြည်သူလူထုကြားမှာ စနစ်တကျ ဆောင်ရွက်နေတာပါ။ ကိုဗစ်ရောဂါဖြစ်ပွားမှု အတည်ပြုလူနာ အများဆုံး မြို့နယ်တွေကို အဓိကထားပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယင်းသို့ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့အစည်းများက ပြည်သူများအား ကျန်းမာရေး စစ်တမ်းကောက်ယူမှုပုံစံ စာရွက်များကို ကြိုတင်ဖြန့်ဝေကာ မိသားစုအလိုက် ကျန်းမာရေးဆိုင်ရာ အချက်အလက် ကောက်ယူမှု များကြိုတင်ဆောင်ရွက်ကြသည်။
မရမ်းကုန်းမြို့နယ် အမှတ်(၁) ရပ်ကွက်၊ (၁၂) လမ်းနေ ကိုဇော်က “အခုလိုလာ ရောက်စစ်ဆေးပေးတာ အားလုံးအတွက် ကောင်းပါတယ်။ ကိုယ်တိုင်စစ်ဆေးမှု ခံယူလိုက်တော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ယုံကြည်မှုတွေ ရှိလာသလို ခံစား ရတယ်။ ပြည်သူတွေကလည်း ကျန်းမားရေးအသိ၊ သတိနဲ့ လိုလိုလားလားနဲ့ လာရောက်စစ်ဆေးမှု ခံယူကြတာကို တွေ့ရတော့ ကျွန်တော်တို့နိုင်ငံရဲ့ ကိုဗစ်ရောဂါတိုက်ဖျက်ရေးအတွက် အင်မတန်ကောင်းတဲ့ ဆောင်ရွက်မှုလို့မြင် ပါတယ်”ဟု ပြောသည်။
ထိုသို့မြို့နယ်အဆင့် ဆောင်ရွက်မှုကို ကိုဗစ်ရောဂါ ဖြစ်ပွားမှုအတည်ပြုလူနာ အများဆုံးတွေ့ရှိထားသည့် အင်းစိန်မြို့နယ် အပါအဝင် တာမွေ၊ လှိုင်သာယာ၊ တောင်ဥက္ကလာပ၊ ဗဟန်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ကျောက်တံတား၊ မင်္ဂလာတောင်ညွှန့် မြို့နယ်တို့တွင် ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် အတည်ပြုလူနာ ဒုတိယအများဆုံး တွေ့ရှိထားသည့် မြို့နယ်ဖြစ်သည့် မရမ်းကုန်းမြို့နယ် တွင် လူဦးရေ တစ်သိန်းကျော်ကို ကျန်းမားရေး စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။
အလားတူ စမ်းချောင်း၊ အလုံ၊ ဒဂုံ၊ ကမာရွတ်၊ လှိုင်၊ ဒေါပုံ၊ သာကေတ၊ ဗိုလ်တထောင်၊ ပန်းဘဲတန်း၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပ၊ လှည်းကူး မြို့နယ်တို့တွင်လည်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနေထိုင်သည့် လမ်းနှင့် ရပ်ကွက်များအတွင်း ဆက်လက်ဆောင်ရွက်သွားဖြစ်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်