နေပြည်တော်  ၃၀   ဇန်နဝါရီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီး၏ ဝယ်ယူရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးရာတွင် ဘဏ္ဍာငွေများ အလေအလွင့် နည်းပါးစွာဖြင့် အကျိုးရှိထိရောက်စွာ အသုံးချဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

 

ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် လွန်ခဲ့သည့် (၃)နှစ်အတွင်း နှစ်အလိုက်၊ တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက်၊ ဆေးရုံအလိုက် ဆေးနှင့်ဆေးပစ္စည်းအမျိုးအစားအလိုက် ဝယ်ယူခဲ့မှုနှင့် သုံးစွဲခဲ့မှု စာရင်းဇယားများကိုအခြေခံ၍ ဝယ်ယူရန် ဆေးနှင့်ဆေးပစ္စည်း အမျိုးအစားနှင့် အရေအတွက်ကို စနစ်တကျ ခန့်မှန်းတွက်ချက်ရမည်ဖြစ်ပါကြောင်း၊ ဆေးနှင့်ဆေးပစ္စည်း ကိရိယာများ တင်ဒါစနစ်ဖြင့် ဝယ်ယူရာတွင် ဈေးနှုန်းကိုသာမက အရည်အသွေးပြည့်ဝမှုကိုလည်း အလေးပေး ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း၊ ဆေးပစ္စည်းကိရိယာများ၊ ဓာတ်ခွဲ၊ ဓာတ်မှန် စက်ကိရိယာများကို တင်ဒါစနစ်ဖြင့် ဝယ်ယူရာတွင် ဝယ်ယူပြီးနောက်ပိုင်း ဝန်ဆောင်မှု  ကောင်းမွန်ခြင်းကိုလည်း အဓိကထား ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း။

 

4

 

တိုင်းဒေသကြီး/ပြည်နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် ဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် ဆေးနှင့်ဆေးပစ္စည်းများသုံးစွဲမှုနှင့် လက်ကျန်စာရင်းများကို အမြဲစောင့်ကြပ်ကြည့်ရှု (monitoring)၍ သုံးစွဲမှုပိုလျှံသည့် ဆေးရုံ၊ ကျန်းမာရေးဌာနမှ လိုအပ်သည့်ဆေးရုံ၊ ကျန်းမာရေးဌာနသို့ ပြန်လည်ခွဲဝေချထား (reallocation) ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် (၂၀၁၆-၁၇) ခုဘဏ္ဍာနှစ်တွင် ငွေကျပ်(၁၅၈) ဘီလီယံ၊ (၂၀၁၇-၁၈) ခုဘဏ္ဍာနှစ်တွင် ငွေကျပ်(၁၇၅)ဘီလီယံ၊ (၂၀၁၈)(ဧပြီ-စက်တင်ဘာလ) ဘဏ္ဍာနှစ်တွင် ငွေကျပ်(၅၄) ဘီလီယံ၊ (၂၀၁၈-၁၉) ခုဘဏ္ဍာနှစ်တွင် ငွေကျပ်(၁၉၆)ဘီလီယံ ကိုအသုံးပြု၍ ဆေး၊ ဆေးပစ္စည်းနှင့် ဆေးရုံသုံးစပ်ပစ္စည်းများဝယ်ယူခဲ့ပါကြောင်း။

 

ယခုနှစ်တွင် တစ်နိုင်ငံလုံးရှိဆေးရုံများအတွက် လိုအပ်သော ဆေးရုံသုံးစက်ကိရိယာ (၃၃၁) မျိုးအတွက် ငွေကျပ်(၆၄) ဘီလီယံဖိုးဝယ်ယူရန် ဆောင်ရွက်နေပါကြောင်း၊ တန်ဖိုးငွေကျပ် သန်း ပေါင်း(၂,၁၀၇) ရှိသည့် မြွေဆိပ်ဖြေဆေး (၄၃,၀၀၀) ကို ပထမအကြိမ်အဖြစ် ဝယ်ယူနိုင်ရန် မြန်မာ့ဆေးဝါးလုပ်ငန်းသို့ အမှာစာပေးပို့ထားရှိပြီး ဒုတိယအကြိမ်အဖြစ် တန်ဖိုးငွေကျပ်သန်း ပေါင်း(၁,၉၆၀)ရှိ မြွေဆိပ်ဖြေဆေး (၄၀,၀၀၀) အမှာစာ ပေးပို့ဝယ်ယူနိုင်ရေး ကုသရေးဦးစီးဌာနက တင်ပြထားပါကြောင်း၊ မြွေကိုက်အန္တရာယ် များပြားသော နေရာဒေသများတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြွေအန္တရာယ်ကင်းဝေးရေး အသိပညာပေးခြင်းလုပ်ငန်းများကို ပိုမိုတိုးမြှင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံ/ဌာနများအတွက် လိုအပ်သော မူးယစ်နွယ်ဝင် ဆေးဝါးများနှင့် ထိန်းချုပ်ဆေးဝါးများတောင်းခံမှု စုစုပေါင်းမှာ ငွေကျပ်သန်း ပေါင်း(၃,၇၈၉) ဖြစ်ပါကြောင်း၊ ဆေးများဝယ်ယူရာတွင် စံကုထုံးလမ်းညွှန် (Standard Treatment Guideline)များအတိုင်း လိုအပ်သော ဆေးဝါးများကိုသာ ဦးစားပေးဝယ်ယူရန် လိုအပ်ပါကြောင်း။ 

 

ယနေ့ အစည်းအဝေးတွင် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်း ကိရိယာများ လိုအပ်ချက် ဝယ်ယူဖြန့်ဖြူးရာတွင် တွေ့ကြုံရင်ဆိုင်ရသည့် အခက်အခဲ ပြဿနာများ၊ စက်ပစ္စည်းကိရိယာများ ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရမည့် လုပ်ငန်းစဉ်များဆောင်ရွက်မှု အခြေအနေနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ဘာသာရပ်အလိုက်၊ ဆေးရုံအလိုက်၊ ဒေသအလိုက် ဆွေးနွေးပေးစေလိုပါကြောင်းနှင့် အစည်းအဝေးဆုံးဖြတ်ချက်များကို အချိန်နှင့် တစ်ပြေးညီ ရေတိုရေရှည် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူ ဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင်က ဝယ်ယူရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရသည့် ရည်ရွယ်ချက်များနှင့် ဉီးစီးဌာနအသီးသီး၏ ဝယ်ယူရေးတင်ဒါဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဘာသာရပ်ဆိုင်ရာပညာရှင်အဖွဲ့များမှ အဖွဲ့အလိုက် ဆွေးနွေးတင်ပြကြပြီး ဦးစီးဌာနအသီးသီးမှ ဝယ်ယူရေးတင်ဒါ ဆောင်ရွက်ထားရှိမှုများကို တင်ပြကြသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။

သတင်းစဉ်