ရန်ကုန် ၁၀ ဇွန်
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအတွက် စိန်ပေါ ကျောင်းသားဟောင်း (Senior Old Paulina’s) ၂၂ ဦးတို့က အလှူငွေများ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး စိန်ပေါကျောင်းသားဟောင်း တစ်ဦးဖြစ်သူ အငြိမ်းစား ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကျော်မင်းက လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းထံ စိန်ပေါကျောင်း သားဟောင်း များ(Senior Old Paulina’s) အသင်းဥက္ကဋ္ဌ ဦးနေအုပ်၊ အကျိုးဆောင် အတွင်းရေးမှူး ဦးခင်မောင်ဦး၊ အဖွဲ့ဝင် ဦးမျိုးညွန့်တို့က အလှူငွေကျပ် ၃,၀၂၀,၀၀၀ ကို ပေးအပ်လှူဒါန်းခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်သည်။
ယနေ့လှူဒါန်းသည့် အလှူငွေများကို ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်း၊ ရွေ့လျားမော်တော်ယာဉ်ဖြင့် အသွား အလာ ကန့်သတ်ထားသူများ ထားရှိရာနေရာ Quarantine Centre များနှင့် ဆေးရုံများရှိ စောင့်ကြည့်လူနာများထံမှ ဓာတ်ခွဲနမူနာများရယူခြင်း လုပ်ငန်းများ ဆောင်ရွက်နေသူများအတွက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရ သည်။
သတင်း ၊ ဓာတ်ပုံ - ဇော်မင်းလတ်


