ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့်   “မနက်ဖြန်တိုင်း ကျန်းမာဖျတ်လတ်သော ပြည်သူများဖြစ်စေဖို့ ယနေ့ ကာယပညာမြှင့်တင်ကြပါစို့”  နှီးနှောဖလှယ်ပွဲကျင်းပ

နေပြည်တော် ၂၇   မေ 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် မနက်ဖြန်တိုင်း ကျန်းမာဖျတ်လတ်သော ပြည်သူများဖြစ်စေဖို့ ယနေ့ ကာယပညာမြှင့်တင်ကြပါစို့ “ Physical Education Today for An Active Tomorrow Seminar” နှီးနှောဖလှယ်ပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် ယနေ့ ကျင်းပသည့် နှီးနှောဖလှယ်ပွဲသည် မြန်မာနိုင်ငံရှိ ပြည်သူများ ပိုမိုကျန်းမာသန်စွမ်းပြီး နိုင်ငံ၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားရေးအတွက် အလွန်အရေးအကြီးသော နှီးနှောဖလှယ်ပွဲ ဖြစ်ပါကြောင်း။

 

ge MNA_9

 

ဆွေးနွေးပွဲတွင် ဆွေးနွေးပြောကြားမည့် စာတမ်းရှင်များတွင် နိုင်ငံတကာမှ ကာယပညာ သင်ကြားလေ့ကျင့်မှု (Physical Education) နှင့်ပတ်သက်သော ကျွမ်းကျင်မှုဆိုင်ရာ ဘွဲ့ အသီးသီးရရှိထားပြီးအတွေ့အကြုံလည်း အလွန်များပြားသည့် ပညာရှင်ကြီးများပါဝင်သည့် အတွက် ၎င်းတို့ထံမှ ယခုဆွေးနွေးပွဲတွင်သာမက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အတွက်ပါ အကြံပြုချက်များကို ရယူဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

 

ယခုဆွေးနွေးပွဲအပြီး ထွက်ပေါ်လာမည့် အကြံပြုချက်ရလဒ်များကို အခြေခံ၍နိုင်ငံတစ်ဝန်းရှိ အခြေခံပညာ ကျောင်းများတွင် ကာယပညာသင်ကြားလေ့ကျင့်မှုလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့်ပညာရေးဝန်ကြီး ဌာနတို့ ပူးပေါင်းပြီး ပီပီပြင်ပြင်စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း။ 

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၉ ဒသမ ၅) သန်းခန့် ရှိသော ကျောင်းသား/သူများ ကိုယ်လက် လှုပ်ရှားအားကစားကို စိတ်ပါဝင်စားစွာဖြင့်ဆောင်ရွက်ခြင်းအားဖြင့် ကိုယ်ခန္ဓာပိုမို ကျန်းမာသန်စွမ်းခြင်း၊ အားကစားစိတ်ဓာတ်ကောင်းများနှင့် အသင်းအဖွဲ့လိုက် စုပေါင်းဆောင် ရွက်တတ်သောစိတ်ဓာတ်ကောင်းများ ပိုင်ဆိုင်နိုင်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချို သွေးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ၊ အမျိုးသမီးများတွင် ဖြစ်ပွားတတ်သည့်အရိုးပွရောဂါစသည့် ရောဂါများကို ကာကွယ်နိုင်ခြင်းအစရှိသည့်များစွာသော အကျိုးကျေးဇူးများရရှိနိုင်ရုံသာမက မျိုးဆက်သစ် အားကစားသမားများလည်းပေါ်ထွက်လာနိုင်ကာ အားကစားတွင် အောင်မြင်မှုများလည်း ယခုထက်ပိုမို ရရှိနိုင်မည်ဖြစ်ပါကြောင်း။

 

အခြေခံပညာကျောင်းများတွင် လိုအပ်မည့် အားကစားအထောက်အကူပြု ပစ္စည်းများကို လည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊  အားကစားအထောက်အကူ ပြုပစ္စည်းများကို ပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် အဆိုပါ ပစ္စည်းများ တင်သွင်းရာတွင် အခွန်လျော့ပေါ့ပေးခြင်းနှင့် အခွန်ကင်းလွတ်ခွင့်ရရှိစေရေး စီစဉ် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ မိဘ-ဆရာအသင်းများအနေဖြင့် ကျောင်းများတွင်ကာယပညာ ပိုမိုလေ့ကျင့် ဆောင်ရွက်နိုင်ရေး ပါဝင်သူများအားလုံးက မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် အလေးထား ဆောင်ရွက်မှသာအောင်မြင်နိုင်မည်ဖြစ်ပါကြောင်း။

 

ကာယပညာသင်ကြားလေ့ကျင့်မှု လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်ရာတွင်  စွမ်းဆောင်ရည်အကောင်းဆုံး စာသင်ကျောင်းများအား ဂုဏ်ပြုဆုများ ရွေးချယ်ပေးအပ်သင့် ပါကြောင်း၊ မကြာမီ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစား ပြိုင်ပွဲများနှင့် ကျောင်းသားအားကစားပွဲတော်ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ကာယ ပညာသင်ကြားလေ့ကျင့်မှုများကိုလည်း ကျောင်းသင်ရိုးညွှန်းတမ်းများတွင် စတင်ထည့်သွင်း ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။

 

ဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ရလဒ်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြားသည်။

 

2.jp

 

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ ဆွေးနွေးပွဲသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန တို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ များ ကာယပညာသင်ကြားလေ့လာရေး အတွက် ယခင် အတွေ့အကြုံများကို ပြန်လည်ရယူနိုင်ရန်နှင့် အတွေ့အကြုံများကို အခြေခံ၍ ပြန်လည်သုံးသပ်ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ ယခင်က ကာယပညာသင်ကြားမှုသည် ဆရာ ဆရာမ များအား လေ့ကျင့်ပေးထားမှုနှင့် သင်ရိုးညွှန်းတမ်းစာအုပ်တို့ အားနည်းချက်ရှိခဲ့သဖြင့် လက်တွေ့ အကောင်အထည်ဖော်ပေးရန် ခက်ခဲခဲ့ပါကြောင်း၊ ယခုအခါ ကာယပညာသင်ကြားလေ့ကျင့်မှုနှင့် ပတ်သက်၍ ကျောင်းဖတ် စာအုပ်များ၊ ဆရာလမ်းညွှန်စာအုပ်များဖြင့် သင်တန်းပေးပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကာယပညာသင်ကြားလေ့ကျင့်မှု လုပ်ငန်းများအား ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ အားလုံးအတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က “ Physical Education Today for An Active Tomorrow Seminar” ဖြစ်ပေါ်လာပုံအား အကျဉ်းချုပ် ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက Physical Education Today for an Active Tomorrow Seminar အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အလှူငွေများ ကူညီဆောင်ရွက်ပေးခဲ့သည့် Plan International Company Ltd မှ တာဝန်ရှိသူတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

 

ဆက်လက်၍ ဆွေးနွေးပွဲနံနက်ပိုင်းကို စတင်ကျင်းပရာ သဘာပတိအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆောင်ရွက်ပြီး စာတမ်းရှင်များဖြစ်ကြသော ဆရာကြီး ဦးအုန်းခင်(ပညာရေး)မှ အခြေခံပညာကျောင်းများတွင် ကာယပညာဖြစ်ပေါ်တိုးတက်လာပုံ အဆင့်ဆင့်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီးဦးရဲမြင့်(ပညာရေး)မှ မြန်မာနိုင်ငံကာယ ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီးဦးမဲအောင် (ပညာရေး)မှ အခြေခံပညာ ကျောင်းများတွင် ကာယပညာသင်ကြားမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာကြီးဦးလှထွန်း (ပညာရေး)မှ တိုင်းဒေသကြီးနှင့်ပြည်နယ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပမှု ပြန်လည်ဦးမော့လာစေရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြသည်။

 

မွန်းလွဲပိုင်းဆွေးနွေးပွဲတွင် သဘာပတိအဖြစ် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းမှ ဆောင်ရွက်ပြီး စာတမ်းရှင်များ ဖြစ်ကြ သော ဒုတိယအမြဲတမ်းအတွင်းဝန်(အားကစား) ဦးမြသန်းထိုက်မှ အာဆီယံ နိုင်ငံများ၏ အခြေခံပညာနှင့် တက္ကသိုလ်အားကစား ပြိုင်ပွဲများခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက် ညွှန်ကြားရေးမှူး(အား/ကာဦးစီးဌာန)ဦးဝင်းထက်မွန် မှ Physical Education in Sport for All ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပညာရေး) ဒေါက်တာ တင်မောင်ဝင်းမှ P.E and Behavior Management ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲ ပထမနေ့ကို ရုတ်သိမ်းလိုက်သည်။ 

 

(သတင်းစဉ်)

 

ge MNA_98