လောကတွင် အရေးကြီးသည့် အရေးကိစ္စသုံးပါးအနက် လူတို့အနေဖြင့် နေ့စဉ်ရှောင်လွှဲမရသော အရေးကိစ္စမှာ စားရေးသောက်ရေးဖြစ်သည်။ စားရေး အတွက် ငွေကြေးလိုအပ်ချက်နှင့် ကျန်းမာရေးအတွက် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရသည်။ မျက်မှောက်ကာလတွင် ကုန်ပစ္စည်းဈေးနှုန်းများ ကြီးမြင့်နေမှုကြောင့် စားရေးအတွက် ချင့်ချိန်သုံးစွဲရသည်။ ထို့အပြင် အစားအစာများကို စားသုံးရာတွင် ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကို ရွေးချယ် စားသုံးနေရသော အခြေအနေရှိသည်။
ယနေ့အချိန်အခါတွင် ပြည်သူလူထုကျန်းမာရေးနှင့် ခြိုးခြံချွေတာရေးအတွက် အသင့်လျော်ဆုံးအစားအစာမှာ ငါးစားသုံးခြင်းဖြစ်သည်။ ငါးစားသုံးခြင်းသည် ရှေးအစဉ်အဆက် အကျိုးများသော အစားအစာဖြစ်သည်။ ရှေးလူကြီးသူမများက ရှေ့ရေးကိုမြော်တွေး၍ “အိမ်နောက်ဖေး ဈေးဆိုင်တည်၊ ခေါင်းတစ်ရာသား စားသုံးပါ” ဟူသောမှာကြားချက်သည် မျက်မှောက်ကာလနှင့် အထူးသင့်လျော် ကိုက်ညီနေသည်။ အိမ်နောက်ဖေး ဈေးဆိုင်တည်ဆိုသည်မှာ မိမိတို့၏မြေပို ကွက်လပ်တွင် မီးဖိုချောင်သုံး သီးနှံပင်ငယ်များစိုက်ပျိုးရန်နှင့် ခေါင်းတစ်ရာသား စားပါဆိုသည်မှာ ဈေးနှုန်းသက်သာပြီး ကျန်းမာရေးနှင့်ညီညွတ်သော ပုစွန်ဆိတ်၊ ငါးသေးသေးလေးများ စားသုံးပေးရန် ဆိုလိုခြင်းဖြစ်သည်။
မျက်မှောက်ကာလတွင် မြို့ပြနေပြည်သူများမှာ တစ်နေ့တခြား လူဦးရေ တိုးပွားလာပြီး နေ့စဉ်စားသုံးမှုအတွက် အသား၊ ငါးလိုအပ်ချက်မြင့်မားလာသည်။ ကုန်စည်ဈေးနှုန်းမှာလည်း စက်သုံးဆီနှင့် ငွေကြေးဈေးကွက်မြင့်မားမှုကြောင့် နေ့စဉ်အတက်ဈေးနှုန်းဖြစ်နေ၍ ပြည်သူများအတွက် အခက်အခဲရှိသည်။ လူအများစားသုံးသည့် အစားအစာများတွင် ငါးသည်ဈေးနှုန်း အသက်သာဆုံးဖြစ်သည်။ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဈေးနှုန်းသက်သာသည့် ငါးစားသုံးမှု များပြားလာသောကြောင့် ပင်လယ်၊ မြစ်၊ ချောင်း၊ ကန်မြောင်းများမှ ငါးဖမ်းယူမှုများပြားလာပြီး ငါးသယံဇာတ ရှားပါးမှုရှိလာသဖြင့် ငါးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျ မှန်မှန်ကန်ကန် ဖြစ်ထွန်းလာအောင် ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။
ပြည်သူများအတွက် ကုန်ကျစရိတ်သက်သာသည့် ငါးစားသုံးခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော အကျိုးကျေးဇူးများ များစွာရှိသည်။ ပြည်သူများ အနေဖြင့် အရိုးများသလေး၊ ချေးခါးသလေးဆိုပြီး ငါးအစားအစာကို ရွေးချယ်မှု နည်းပါးကြသည်။ လက်ရှိအခြေအနေတွင် ငါးစားသုံးခြင်းသည် အသင့်လျော်ဆုံးဖြစ်သဖြင့် တစ်ပတ်တစ်ခါ၊ နေ့စဉ်ရက်ခြား ငါးစားသုံးပေးပါရန် တိုက်တွန်းအပ် ပါသည်။ ငါးတွင် လူတို့အတွက် အရေးပါဆုံးဓာတ်ပစ္စည်းတစ်မျိုးမှာ ပရိုတင်း ဖြစ်သည်။ တစ်ခါစား ငါးပမာဏလောက်ဖြင့် လူတို့အတွက် တစ်နေ့တာလိုအပ်သော ပရိုတင်းဓာတ် ၁၅ ရာခိုင်နှုန်းကျော်ရရှိသည်။ ပရိုတင်းဓာတ်သည် ကိုယ်တွင်းအင်္ဂါ များ၊ အမှေးပါးများ၊ ဆဲလ်များနှင့် ကြွက်သားများ ထိုက်သင့်သည့် ဖွံ့ဖြိုးကြီးထွားမှုကို ဖြည့်ဆည်းပေးသည်။ ငါးသည် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အတွက် အသင့်လျော်ဆုံးဖြစ်သည်။
ထို့အပြင် ငါးတွင် သတ္တုဓာတ်များ အများအပြားပါဝင်သဖြင့် အရိုး၊ သွား၊ လက်သည်းကျန်းမာရေးအတွက် အရေးပါသော ဖော့စဖိတ်ဓာတ်ကိုရရှိသည်။ သုတေသနတွေ့ရှိချက်များအရ ငါးတွင် ဆယ်လီနီယမ်ဓာတ်ပါဝင်သဖြင့် ဆီးကြိတ် ကင်ဆာနှင့် နှလုံးရောဂါပြဿနာများကို ကာကွယ်နိုင်သည်ဟုဆိုထားသည်။ ငါးများတွင် အကျိုးပြု အဆီဓာတ်များ ပေါများသဖြင့် လူတို့ကိုယ်ခန္ဓာရှိ ကိုလက်စထရောနှင့် မကောင်းသည့်အဆီဓာတ်များကို လျော့နည်းစေသည်။ နှလုံး သွေးကြောကျဉ်းအပါအဝင် လေဖြတ်ရောဂါတို့ကိုလည်း လျော့နည်းကျဆင်းစေသည်။ ငါးတွင် ပိုတက်စီယမ်ပါဝင်မှုကြောင့် ဦးနှောက်သို့ အောက်ဆီဂျင် ပို့လွှတ်မှုအားကောင်းပြီး ခန္ဓာကိုယ်အနှံ့ အရည်ထိန်းဓာတ်ကို ရရှိစေသည်။ ဗီတာမင်- အီးနှင့် ဗီတာမင်-စီ တို့လည်းပါဝင်သဖြင့် အသားအရေကျန်းမာရေးကို အထောက်အပံ့ပြုသည်။
ငါးစားသုံးခြင်းသည် ကျန်းမာရေးအတွက် အထောက်အပံ့ကောင်းများစွာပါဝင်နေသဖြင့် နေ့စဉ်ငါးစားသုံးရေး၊ ငါးသယံဇာတများ ပေါများရေးကို ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရန်ကုန်မြို့တော်နေပြည်သူများ စားသောက်မှုအဆင်ပြေစေရေးအတွက် ငါးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျ မှန်မှန်ကန်ကန် ဖြစ်ထွန်းအောင် မွေးမြူခြင်းဖြင့် ရန်ကုန်မြို့တော်အတွက် လိုအပ်သည့်ငါးများ ပြည့်ဝစွာရရှိရေးအတွက် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ငါးသည် လူများစားသုံးသည့် အသားများထဲတွင် ဈေးနှုန်း အသက်သာဆုံး ဖြစ်သည့်အတွက် ရေရှည်တွင် ငါးသယံဇာတပစ္စည်းများ ပြည့်ဝစွာထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားထားသည်။
ငါးစားသုံးခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်သည့် ဇီဝကမ္မဖြစ်စဉ်များနှင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်များ ကောင်းမွန်စေသောကြောင့် မျက်မှောက်ကာလ၌ ငါးစားသုံးခြင်းသည် အထူးသင့်လျော်ဆုံး ဖြစ်သည်။ သို့ဖြစ်ရာ ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင်၊ ငါးစားသုံးမှု တိုးတက်များပြားလာအောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။ ။