ရန်ကုန်၊ ၁၅ ဇန်နဝါရီ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့ ပူးပေါင်းကျင်းပသော တတိယအကြိမ်မြောက် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကွင်းရှင်းသော စားသောက်ကုန်များ ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီတွင် Online Video Conference ဖြင့် ရန်ကုန်မြို့ UMFCCI ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ပြည်သူတို့စားသုံးသော စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာသန်စွမ်းသော လူစွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းစေရန်နှင့် ထုတ်လုပ်ဖြန့်ဖြူးသော စားသောက်ကုန် ပစ္စည်းများမှာ ကျန်းမာရေးနှင့်ညီညွတ်လျက် ဓာတုကင်းနိုင်သမျှကင်းသော အစားအစာဖြစ်စေရန် ကျင်းပခြင်းဖြစ်သည်။
အဆိုပါ Online Video Conference ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှ နှုတ်ခွန်းဆက်စကားနှင့်အတူ ဆွေးနွေးပွဲကျင်းပရခြင်း အကြောင်းရင်းကို လည်းကောင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အခန်းကဏ္ဍကို လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားများနှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များဆီသို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာစားသုံးသူသမဂ္ဂမှ ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များ ထုတ်လုပ်နိုင်ရေး သုံသပ်အကြံပြုချက်ကို လည်းကောင်း၊ အစာအာဟာရဆိုင်ရာ သိပ္ပံနှင့် နည်းပညာအသင်းမှ ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များ ထုတ်လုပ်နိုင်ရေး သုံးသပ်အကြံပြုချက်ကို လည်းကောင်း အသီးသီးဆွေးနွေးမည်ဖြစ်သည်။
သန်းထိုက်


