နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

အထူးကုသမှုများ (Super Speciality) လိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံကာ လိုအပ်သော ရောဂါရှာဖွေစမ်းသပ်မှုများ နှင့် ကုသမှုများကို မိမိတို့ဒေသ၌ပင် လက်လှမ်းမီရရှိခြင်းဖြင့် ပြည်သူများစိုက်ထုတ် ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်နှင့် ရောဂါများကို စောစီးစွာသိရှိပြီး လိုအပ်သောကုသမှုများကို အချိန်မီရရှိခြင်းဖြင့် သက်ရှည်ကျန်းမာ စေနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့မှ ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးကုသရေး အဖွဲ့များ၏ ကွင်းဆင်းကုသမှုအစီ အစဉ်များ ဆောင်ရွက်လျက်ရှိသည်။

မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ခုတင်-၅၅၀ဆံ့ ကလေးဆေးရုံကြီး-မန္တလေးနှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီး - မန္တလေးတို့မှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေး ကုသရေးအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ဒုတိယအကြိမ် သွားရောက်ကာ ပြည်သူ့ဆေးရုံကြီး မြစ်ကြီးနားမြို့မှ အထူးကုဆရာဝန် ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါအထူးကု ဆေးကုသရေးအစီအစဉ်တွင် မြစ်ကြီးနားမြို့ပေါ်သာမက ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်ပေါင်း (၈) မြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ လာရောက်ပြသခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ (၁၃၈) ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာလူနာ (၁၂၁) ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာလူနာ (၄၃) ဦး၊ ဆီးနှင့်ကျောက်ကပ် ဆေးကုသမှုဆိုင်ရာလူနာ (၁၅၃) ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာလူနာ (၁၀၉) ဦး၊ ဦးနှောက်နှင့် အာရုံကြော ဆေးကုသမှုဆိုင်ရာလူနာ (၉၇) ဦး၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာ လူနာ (၁၉) ဦး၊ အထွေထွေရောဂါဆေးပညာလူနာ (၅၉) ဦး၊ အရိုးအကြောအဆစ် ရောဂါလူနာ (၆၂) ဦး၊ အရိုးရောဂါလူနာ (၁၄၅) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ လူနာ (၁၁၄) ဦး၊ ကလေးနှလုံးရောဂါလူနာ (၃၅) ဦး၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ (၃၉) ဦး၊ အထွေထွေခွဲစိတ်ရောဂါလူနာ (၁၃) ဦး၊ သားဖွားမီးယပ် ရောဂါလူနာ (၂၆) ဦး၊ သွားနှင့်ခံတွင်း လူနာ (၁၇) ဦး၊ မျက်စိရောဂါဆိုင်ရာလူနာ (၄၈) ဦး၊ အရေပြားရောဂါလူနာ (၃) ဦး၊ စုစုပေါင်း လူနာ (၁,၂၄၁) ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့သည်။

အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) (၈၁)ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းမှန် ပြောင်းကြည့်ရှုခြင်း (OGDS) (၂၂) ဦး၊ အူမကြီး မှန်ပြောင်းကြည့်ရှုခြင်း (၄) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း မှန်ပြောင်းကြည့်ရှုခြင်း (၁၇) ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan) (၁၉)ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း (၁၉၇) ဦး၊ ဓာတ်ခွဲစမ်းသပ်သူ (၂၈၃) ဦး၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း (၅၄) ဦး၊ Ultrasound ရိုက်ကူးခြင်း (၉၈) ဦး၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း(ECG) (၂၅၇) ဦးတို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး နှုတ်ခမ်းကွဲ၊ အာခေါင် ကွဲလူနာခွဲစိတ်ကုသမှု (၃၉) ဦးတို့ကို ဆောင်ရွက်နိုင်ခဲ့သည်။

 

mdn

 

ထို့ပြင် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ (၂၅) ဦး၊ ကလေးနှလုံးရောဂါလူနာ (၄) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါလူနာ (၄၄) ဦး၊ အထွေထွေ ခွဲစိတ်ကုသလူနာ (၁) ဦးတို့ကို လိုအပ်သော စစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် မန္တလေးနှင့် နေပြည်တော်ရှိ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဦးခေါင်းတွင်း သွေးခဲလူနာ (၁) ဦးကို ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သည်။ အဆိုပါ အစီအစဉ်နှင့်အတူ ကချင်ပြည်နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်ကို ဆောင်ရွက်ပေးခဲ့ရာ အသက် (၆၅) နှစ်နှင့် အထက် ပြည်သူလူထုနှင့်နာတာရှည်ရောဂါ ဝေဒနာရှင် စုစုပေါင်း (၇၀) တို့ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့သည်။

ဖေ‌ဖော်ဝါရီလ (၂၄) ရက်နှင့် (၂၅) ရက်တို့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ အထူးကုဆေး ကုသရေး အစီအစဉ် ဆောင်ရွက်ရာနေရာသို့ လာရောက်၍ လာရောက်ပြသကုသမှု ခံယူကြသော လူနာများကို ကြည့်ရှုအားပေးစကား ပြောကြားပြီး ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများအား ကျေးဇူးတင်စကား ပြောကြားကာ အထူးကုဆေးကုသရေး အစီအစဉ်အတွက် အလှူငွေပေးအပ်လှူဒါန်းခဲ့သည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super specialty) ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်း ကုသရေးခရီးစဉ်များကို ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းမှ စတင်၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များ၌ ဆောင်ရွက်လျက်ရှိပြီး တောင်ကြီး မြို့၊ ပြည်မြို့၊ သံတွဲမြို့၊ ပုသိမ်မြို့၊ မော်လမြိုင်မြို့၊ မကွေးမြို့၊ မြိတ်မြို့၊ ညောင်ဦးမြို့နှင့် ယခု မြစ်ကြီးနားမြို့များသို့ သွားရောက်ပြီးဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်