နေပြည်တော်၊ ဇန်နဝါရီ ၂၈

ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် အထူးကု ဆေးကုသရေးအဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်းဆေး ကုသမှုများ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ (၂၇) ရက်နှင့် (၂၈) ရက်တို့တွင် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးနှင့် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး - ရန်ကုန်တို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေး အဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ဒုတိယအကြိမ် သွားရောက်၍ ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့မှ အထူးကု ဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း နှလုံးဆေးကုသမှုဆိုင်ရာ လူနာ (၉၂) ဦး၊ အစာအိမ်အူလမ်းကြောင်း ဆိုင်ရာလူနာ (၇၈) ဦး၊ ဦးနှောက်နှင့်အာရုံကြော ဆေးကုမှုဆိုင်ရာလူနာ (၁၀၂) ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲ စိတ်ကုသမှုဆိုင်ရာလူနာ (၁၂) ဦး၊ အထွေထွေရောဂါ ဆေးပညာ ဆိုင်ရာလူနာ (၂၈၆) ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာလူနာ (၅၅) ဦး၊ ဆီးချိုနှင့် ဟော်မုန်းရောဂါ ဆိုင်ရာလူနာ (၂၆၀)၊ အသည်းရောဂါဆိုင်ရာလူနာ (၅၃) ဦး၊ ကလေးနှလုံးရောဂါလူနာ (၃၈) ဦး၊ ဆီးနှင့် ကျောက်ကပ်ဆေးကုသမှုဆိုင်ရာလူနာ (၄၁) ဦး၊ အရိုးအကြောအဆစ်ရောဂါလူနာ (၂၄၅) ဦး၊ အရေပြားရောဂါဆိုင်ရာလူနာ (၉၁) ဦး၊ ကလေးရောဂါလူနာ (၄၄) ဦး၊ မျက်စိ‌ရောဂါ ဆိုင်ရာလူနာ (၅၃) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာလူနာ (၁၀) ဦး၊ သားဖွားမီးယပ်ဆိုင်ရာလူနာ (၂၄) ဦး၊ သွားနှင့်ခံတွင်းလူနာ (၂၈) ဦး စုစုပေါင်းဒေသခံပြည်သူ လူနာ (၁,၅၁၂) ဦးကို ကြည့်ရှုကုသပေးခဲ့သည်။

လာရောက်ပြသသော လူနာများတွင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၀) မြို့နယ် သာမက ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် (၃) မြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ ပါဝင်ပြီး ရောဂါရှာဖွေစမ်းသပ်မှုများအနေဖြင့် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) (၁၁၆) ဦး၊ အစာအိမ်မှန်ပြောင်း ကြည့်ရှုခြင်း (OGD Scope) (၁၃) ဦး၊ အူမကြီး မှန်ပြောင်းကြည့်ရှုခြင်း (Colonoscope) (၂) ဦး၊ ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ကူးခြင်း (၁၈) ဦး၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း (၉၅) ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း (၁၅၁)ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း (၂၇၀)၊ Ultrasound ရိုက်ကူးခြင်း (၉၃) ဦးနှင့် နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) (၂၀၄) ဦးတို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ (၂) ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ (၃) ဦး၊ ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာလူနာ (၃) ဦး၊ ဆီးနှင့် ကျောက်ကပ်ရောဂါလူနာ (၄) ဦး၊ ကလေးနှလုံး ရောဂါလူနာ (၂၅) ဦးတို့ကို လိုအပ်သော စစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ကုန်ရှိ သက်ဆိုင်ရာပြည်သူ့ ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်နေမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်များ လာရောက်ကြည့်ရှု အားပေးကြပြီး လူနာများကို အားပေးစကားပြောကြားကာ အာဟာရဒါန ထမင်းဘူးများ ဝေငှပေးကြသည်။

ထို့ပြင် အဆိုပါ အထူးကုဆေးကုသရေး အဖွဲ့နှင့်အတူ ကုသရေးဦးစီးဌာနမှ ကြီးကြပ်ပံ့ပိုး ပေးရန် လိုက်ပါလာသော အမျိုးသားသွေးဌာန၊ ရန်ကုန်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်သည် ဇန်နဝါရီ (၂၈) ရက် ညနေပိုင်းတွင် မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ “သွေးသွင်းကုသမှု ဘေးကင်းလုံခြုံ ရေး သိကောင်း စရာ” အကြောင်း ဆွေးနွေးဟောပြောခဲ့သည်။

ရန်ကုန် /မန္တလေး/ နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super specialty) ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်းကုသရေး ခရီးစဉ်များကို ၂၀၂၃ ခုနှစ်အတွင်း (၁၅) ကြိမ်၊ ၂၀၂၄ ခုနှစ်အတွင်း တောင်ကြီးမြို့၊ ပြည်မြို့၊ သံတွဲမြို့၊ ပုသိမ်မြို့နှင့် ယခု မော်လမြိုင်မြို့တို့၌ ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်