နေပြည်တော် ဩဂုတ် ၁၃

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီ ရရှိစေရေး၊ ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်း ကျဆင်းစေရေးနှင့် အထူးကုသမှုများ(Super Speciality)လိုအပ်သော ပြည်သူများအား သက် ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ ကုသမှုများ ရရှိနိုင်စေရန်အတွက် အထူးကုဆေးကုသရေး အဖွဲ့များအနေဖြင့် ကွင်းဆင်းကုသမှုအစီအစဉ်များကို ဆောင်ရွက်လျက် ရှိရာ ယခုနှစ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုဒဏ် ခံစားခဲ့ရသည့် ရခိုင် ပြည်နယ်တွင်လည်းကောင်း၊  ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လည်းကောင်း ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

မန္တ‌လေးပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)တို့မှ နှလုံး ရောဂါဆေးပညာ၊ အသည်းရောဂါဆေးပညာ၊ အရိုးအကြောအဆစ်ဆေးပညာ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြောဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ် ပညာ၊ ဆီးချိုနှင့်ဟော်မုန်းဆေးပညာ၊ သွေးရောဂါပညာရပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ဩဂုတ် (၁၂)ရက်နှင့် (၁၃)ရက်တို့တွင် ကျန်းမာ ရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ သွားရောက်၍ ပြည်သူ့ ဆေးရုံကြီး မကွေးမြို့မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အထူးကုဆေးကုသရေး အစီအစဉ် နှစ်ရက်တာကာလအတွင်း နှလုံးရောဂါဆိုင်ရာ (၇၅)ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ(၃၄)ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှု ဆိုင် ရာ (၇၆)ဦး၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာ (၇)ဦး၊ ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာ (၆၃)ဦး၊ သွေးရောဂါဆိုင်ရာ(၁၂)ဦး၊ အသည်းရောဂါဆိုင်ရာ (၂၂)ဦး၊ အထွေထွေရောဂါဆိုင်ရာ (၁၃၃)ဦး၊ အရိုးအကြောအဆစ်ဆိုင်ရာ (၉၆)ဦး စုစုပေါင်းလူနာ (၅၁၈)ဦးတို့ကို ကြည့်ရှုကုသမှု ပေးနိုင်ခဲ့ပြီး မကွေးမြို့ပေါ်သာမက မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း (၁၆)မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများပါ လာရောက်ပြသခဲ့သည်။

အဆိုပါ လူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) (၃၃) ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း(OGDS) (၉)ဦး၊ အူမကြီးမှန်ပြောင်း ကြည့်ရှုခြင်း (Colonoscopy) (၂)ဦး၊ ကွန်ပြူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan) (၁၁)ဦး၊ သံလိုက်ဓာတ်မှန် ဖြင့်စစ်ဆေးခြင်း(MRI) (၆)ဦး၊ ဓာတ်မှန်ဖြင့်ရောဂါရှာဖွေခြင်း (၁၅၇)ဦး၊ ဓာတ်ခွဲ စမ်းသပ်သူ(၅၁၈)ဦး၊ သွေးချိုဓာတ်(HbA1c) တိုင်းတာခြင်း (၈၆)ဦး၊ Ultrasound ရိုက်ကူးခြင်း (၈၁)ဦး၊ ECG ရိုက်ကူးခြင်း (၁၉၄)ဦး၊ ခါးရိုးဆစ် အရည်ဖောက်၍ စမ်းသပ်စစ်ဆေးသူ (၁)ဦး၊ အရိုးသိပ်သည်းဆစမ်းသပ်ခြင်း(Bone-Dexa Scan) (၄)ဦး၊ ဒူးခေါင်းတွင်းဆေးထိုး၍ကုသပေးသူ (၄)ဦးတို့ကို စမ်းသပ်စစ်ဆေးကုသပေးနိုင်ခဲ့ပြီး နှလုံးရောဂါ ဆက်လက်ကုသရန်လိုအပ်သူ တစ်ဦး ကို မန္တလေးပြည်သူ့‌ဆေးရုံကြီးသို့ လည်းကောင်း၊ ဦးနှောက်တွင်း သွေးခဲနေသော လူနာတစ်ဦးကို ခွဲစိတ်ကုသမှုဆောင်ရွက်ရန် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)သို့ လည်းကောင်း ဆက်လက်လွှဲပြောင်း ကုသမှုပေးခဲ့သည်။

ထို့ပြင် ဆီးချိုနှင့်ဟော်မုန်း ဆေးပညာပါမောက္ခ ပါမောက္ခ ဒေါက်တာနီနီလှိုင် က လာ ရောက်ပြသသူ ဒေသခံပြည်သူများအား ဆီးချိုသွေးချိုရောဂါအကြောင်း သိကောင်းစရာများ  အသိပညာပေးဟောပြောမှု ဆောင်ရွက်ခဲ့သည်။

ကျန်းမာ‌ရေးဝန်ကြီးဌာန အနေဖြင့် အခြားသော တိုင်းဒေသကြီး/ပြည်နယ်တွင်လည်း အလားတူ အစီအစဉ်များ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်းဌာနခွဲသည် ကိုယ်ဝန်ဆောင်မိခင်များနှင့် နှစ်စဉ် မွေးဖွားလျက်ရှိသော ကလေးငယ် များကို အသက်အရွယ်အလိုက် လိုအပ်သော ပုံမှန်ကာကွယ်ဆေးများကို ထိုးနှံ/တိုက်ကျွေးပေးလျက်ရှိသည်။

ဩဂုတ် ၁၂ တွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံ၌ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၏ ပံ့ပိုးကြီးကြပ်မှုဖြင့် မကွေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖွဲ့က အသက် (၁)နှစ်မှ (၅)နှစ်အရွယ် ကလေးများအနက်မှ ကာကွယ်ဆေး လုံးဝမရရှိသေးသော ကလေးများနှင့် ကာကွယ်ဆေး အကြိမ်ပြည့် မရရှိသေးသည့် ကလေးများကို အသက်အရွယ်အလိုက် လိုအပ်သော ကာကွယ်ဆေးများဖြစ်သည့် ပိုလီယိုအစက်ချ ကာကွယ်ဆေး (bOPV)၊ ပိုလီယို ကာကွယ် ဆေးထိုးဆေး (IPV)၊ ဝက်သက်ဂျိုက်သိုး ရောဂါကာကွယ်ဆေး(MR)၊  ငါးမျိုးစပ်ကာကွယ်ဆေး (Penta)တို့ကို ကလေးဦးရေစုစုပေါင်း (၈၀)ကို လည်းကောင်း၊ ဩဂုတ် ၁၃ ရက်တွင် မကွေးတိုင်း ဒေသကြီး ပြည်သူ့ဆေးရုံ၌ ကလေး (၃၃)ဦး ကိုလည်းကောင်း၊ မင်းဘူးမြို့နယ် ပြည်သူ့ဆေးရုံ၌ ကလေး (၄၄)ဦး ကိုလည်းကောင်း ထိုးနှံ/တိုက်ကျွေးခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟို တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းဌာနခွဲမှ လို အပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်