နေပြည်တော် စက်တင်ဘာ ၁၇
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကလေးဆေးရုံကြီး-ရန်ကုန်နှင့် အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)-ရန်ကုန်တို့မှ နှလုံးရောဂါဆေးပညာ၊ အထွေထွေရောဂါဆေးပညာ၊ အစာအိမ်နှင့်အူလမ်းကြောင်း ဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြော ဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ပညာ၊ ကလေးဦးနှောက်နှင့်အာရုံကြောဆေးပညာ၊ ဆီးချိုနှင့် ဟော်မုန်းဆေးပညာ၊ သွေးရောဂါဆေးပညာ၊ အရိုးအကြောအဆစ်ဆေးပညာရပ်ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေး ကုသရေးအဖွဲ့သည် စက်တင်ဘာ (၁၆)ရက်နှင့် (၁၇)ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ သွားရောက်၍ ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့မှ အထူးကု ဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။
အဆိုပါခရီးစဉ်အတွင်း နှလုံးရောဂါဆိုင်ရာလူနာ (၁၁၉)ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ လူနာ (၇၆)ဦး၊ ဦးနှောက်နှင့်အာရုံကြောရောဂါဆိုင်ရာလူနာ (၉၂)ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် ရောဂါဆိုင်ရာလူနာ (၉)ဦး၊ ကလေးဦးနှောက်နှင့်အာရုံကြောရောဂါဆိုင်ရာလူနာ (၁၀၉)ဦး၊ သွေးရောဂါဆိုင်ရာလူနာ (၁၉)ဦး၊ အထွေထွေရောဂါဆိုင်ရာလူနာ (၂၈၇)ဦး၊ ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာလူနာ (၅၅)ဦး၊ အရိုးအကြောအဆစ်ရောဂါဆိုင်ရာလူနာ (၉၇)ဦး၊ သွားနှင့်ခံတွင်းရောဂါဆိုင်ရာလူနာ (၂၆)ဦး၊ မျက်စိရောဂါဆိုင်ရာလူနာ (၂၆)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာလူနာ (၄)ဦး၊ အရိုးရောဂါဆိုင်ရာလူနာ (၈၆)ဦး၊ သားဖွားမီးယပ်လူနာ (၃)ဦး၊ စုစုပေါင်းဒေသခံပြည်သူ (၁၀၀၈)ဦးတို့ကို ကြည့်ရှုကုသမှု ပေးခဲ့ပြီး နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း(Echocardiography) (၇၁)ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (OGDS) (၁၅)ဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း(Colonoscopy) (၅)ဦး၊ အစာအိမ်ရောဂါပိုးစစ်ဆေးခြင်း (H.pylori test) (၆)ဦး၊ အစာအိမ်အူလမ်းကြောင်းသွေးယိုစီးမှု ကုသမှု ပေးခြင်း (Rubber band ligation) (၄)ဦး၊ ကွန်ပျူတာ ဓာတ်မှန်ဖြင့် စစ်ဆေးခြင်း(CT scan) (၂)ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း (၄၉)ဦး၊ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်း (၁၃၈)ဦး၊ Ultrasound ရိုက်ကူးခြင်း (၄၂)ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း (ECG)(၂၁၅)ဦး တို့ကို စမ်းသပ်စစ်ဆေးကုသပေးနိုင်ခဲ့သည်။
လာရောက်ပြသသော လူနာများတွင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း (၁၀)မြို့နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၃)မြို့နယ်တို့မှ မြို့ပေါ်နှင့်ကျေးလက်နေပြည်သူများ ပါဝင်ပြီး ဦးနှောက်နှင့် အာရုံကြောရောဂါဆိုင်ရာလူနာ (၂)ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ရောဂါဆိုင်ရာလူနာ (၃)ဦး၊ နှလုံးရောဂါဆိုင်ရာလူနာ (၁၀)ဦးနှင့် အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာလူနာ (၂)ဦး တို့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း၊ ကလေးဦးနှောက်နှင့် အာရုံကြောရောဂါဆိုင်ရာလူနာ (၁၂)ဦး ကို ကလေးဆေးရုံကြီး-ရန်ကုန်သို့လည်းကောင်း လိုအပ်သောစမ်းသပ်ကုသမှုများ ဆက်လက်ခံယူနိုင် စေရေး လွှဲပြောင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သည် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ စက်တင်ဘာ (၁၆)ရက် နံနက်ပိုင်းတွင် ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့၌ လာရောက်ပြသကုသမှုခံယူကြသော လူနာများကိုကြည့်ရှုအားပေးပြီး နေ့လယ်စာ စားသောက်ဖွယ်ရာများ လှူဒါန်းခြင်း၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများကို တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားပြောကြားကာ ဒေသထွက် လက်ဆောင်ပေးအပ်ခဲ့သည်။အလားတူ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်သည် ယင်းနေ့ညပိုင်းတွင် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့်အတူ ညစာအတူသုံးဆောင်ခဲ့သည်။
အထူးကုဆေးကုသရေးအဖွဲ့များသည် ၂၀၂၃ ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ (၃)ကြိမ်နှင့် ပုသိမ်မြို့၊ တောင်ကြီးမြို့၊ မကွေးမြို့၊ ပြည်မြို့၊ မိတ္ထီလာမြို့နှင့် မြိတ်မြို့များသို့ သွားရောက်၍ ဆေးကုသမှုများ ဆောင်ရွက်ပြီးဖြစ်ကာ ကျန်တိုင်းဒေသကြီး/ပြည်နယ်များသို့လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်