နေပြည်တော်၊ ဖေဖော်ဝါရီ  ၁၈

ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေး ကောင်းမွန်စေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အထူးကု ဘာသာရပ်ဆိုင်ရာ ကုသမှုများကို ပြည်သူများ လက်လှမ်းမီရရှိနိုင်ရေးအတွက် ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် အထူးကု ဆေးကုသရေး အဖွဲ့များဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များသို့ ကွင်းဆင်းကုသမှု အစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးတို့မှ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် အထူးကု ဆေးကုသရေးအဖွဲ့သည် ဖေဖော်ဝါရီ (၁၆) ရက်နှင့် (၁၇) ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့သို့ သွားရောက်၍ ပြည်သူ့ဆေးရုံကြီး ညောင်ဦးမြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ အဆိုပါခရီးစဉ်အတွင်း နှလုံးဆေးကုသမှုဆိုင်ရာ လူနာ (၇၁) ဦး၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ လူနာ (၉၁) ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာ လူနာ (၉၆) ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ (၁၂) ဦး၊ အထွေထွေရောဂါ ဆေးပညာဆိုင်ရာလူနာ (၃၀၂) ဦး၊ အထွေထွေခွဲစိတ်ကုသမှုဆိုင်ရာ လူနာ (၅၂) ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာလူနာ (၆၄) ဦး၊ ဆီးချိုနှင့်ဟော်မုန်းရောဂါဆိုင်ရာလူနာ (၉၉) ဦး၊ ဆီးနှင့် ကျောက်ကပ်ဆေးကုသမှု ဆိုင်ရာလူနာ (၃၈) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ လူနာ (၁၄၆) ဦး၊ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးလူနာ (၈၁) ဦး၊ မျက်စိရောဂါလူနာ (၁၆၄) ဦး၊ အရိုးအကြောအဆစ်ရောဂါလူနာ (၁၂၃) ဦး၊ သားဖွားမီးယပ်ရောဂါ လူနာ (၁၄) ဦး၊ အရေပြားရောဂါလူနာ (၁၆) ဦး၊ သွားနှင့် ခံတွင်းရောဂါ၊ ကင်ဆာရောဂါ၊ စိတ်ကျန်းမာရေးလူနာ (၈) ဦး စုစုပေါင်း ဒေသခံပြည်သူ (၁,၃၇၇) ဦးကို ကြည့်ရှုကုသပေးခဲ့သည်။

အဆိုပါ အထူးကု ဆေးကုသရေး အစီအစဉ်တွင် ညောင်ဦးမြို့ပေါ်သာမက မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၅) မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်နေ ပြည်သူများ လာရောက်ပြသခဲ့ကြပြီး ရောဂါရှာဖွေ စမ်းသပ်မှုများ အနေဖြင့် နှလုံးပုံရိပ်ဖော်စက် ဖြင့် ကြည့်ရှုခြင်း (Echocardiography) (၅၀) ၊  အစာအိမ်မှန်ပြောင်းကြည့်ရှုခြင်း(OGD Scope) (၁၁) ဦး၊  ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ကူးခြင်း (၁၇) ဦး၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း (၈၄) ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း  (၂၄၂) ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း (၃၁၂) ဦး၊ Ultrasound ရိုက်ကူးခြင်း (၁၁၇) ဦးနှင့် နှလုံးစက်ဖြင့်စစ်ဆေးခြင်း (ECG) (၃၆၃) ဦး၊ မျက်စိခွဲစိတ်လူနာ (၂၁) ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာလူနာ (၁)ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာ လူနာ (၂)ဦး၊ ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာလူနာ (၁) ဦး၊ ဆီးနှင့်ကျောက်ကပ်ဆေး ကုသမှုဆိုင်ရာလူနာ (၅) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါလူနာ (၆) ဦး စုစုပေါင်းလူနာ (၁၅)ဦးကို လိုအပ်သော စစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကွင်းဆင်းကုသပေးနေမှုကို ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဖေဖော်ဝါရီ (၁၆ )ရက်တွင်လည်းကောင်း၊  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ (၁၇) ရက်တွင် လည်းကောင်း လာရောက်ကြည့်ရှုအားပေးကြပြီး ကုသမှုခံယူကြသော လူနာများကို အားပေးစကား ပြောကြားကာ မျက်စိခွဲစိတ်လူနာများအား မျက်မှန်များ၊ ဆေးဝါးပစ္စည်းများနှင့် အာဟာရ အစားအသောက်များ ပေးအပ်လှူဒါန်းကြသည်။

ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super specialty) ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ၏ အထူးကုဆေးကုသရေး ခရီးစဉ်များကို ၂၀၂၃ ခုနှစ်အတွင်း (၁၅) ကြိမ်နှင့် ၂၀၂၄ ခုနှစ်အတွင်း (၈) ကြိမ် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်