နေပြည်တော်  ဇန်နဝါရီ ၁၄

 

မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ မြောက်ဥက္ကလာပ ပြည်သူ့ ဆေးရုံကြီးနှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီး-မန္တလေးတို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ဇန်နဝါရီ (၁၃)ရက်နှင့် (၁၄)ရက်တို့တွင်  ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ သွားရောက်၍ ခရိုင်ပြည်သူ့ဆေးရုံ၊ သံတွဲမြို့မှ အထူးကုဆရာဝန်များနှင့်အတူ ဒေသခံပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။   

 

အဆိုပါ ခရီးစဉ်အတွင်း နှလုံးဆေးကုသမှုဆိုင်ရာလူနာ (၁၃၀)၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ လူနာ (၁၂၀)၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာလူနာ (၁၀၆)ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုမှုဆိုင်ရာလူနာ (၃၁၈)ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှု ဆိုင်ရာလူနာ (၂၁)ဦး၊ အသည်းရောဂါဆိုင်ရာလူနာ (၇၇)ဦး၊ အထွေထွေရောဂါဆေးပညာဆိုင်ရာလူနာ (၁၈၉)ဦး၊ ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာလူနာ (၁၁၉)ဦး၊ မျက်စိ‌ရောဂါဆိုင်ရာလူနာ (၃၈၁)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာလူနာ (၃၂၂)ဦး၊ အရိုးရောဂါ လူနာ (၄၀၆)ဦး၊ အရိုးအကြောအဆစ်ရောဂါလူနာ (၉၈)ဦး၊ စုစုပေါင်းဒေသခံ ပြည်သူ(၂၂၈၇)ဦးကို ကြည့်ရှု ကုသမှုပေးနိုင်ခဲ့သည်။

 

လာရောက်ပြသသော လူနာများတွင် သံတွဲမြို့၊ တောင်ကုတ်မြို့နှင့် ဂွမြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေ ပြည်သူများပါဝင်ပြီး ရောဂါရှာဖွေစမ်းသပ်မှုများအနေဖြင့် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) (၅၅)ဦး၊ ဓာတ်မှန်ဖြင့်ရောဂါရှာဖွေခြင်း (၈၆)ဦး၊ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်း (၃၅၄)ဦး၊ Ultrasound ရိုက်ကူးခြင်း (၆၃)ဦးနှင့် နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) (၂၅၀)တို့ကို စမ်းသပ်စစ်ဆေး ပေးနိုင်ခဲ့သည်။ ထို့ပြင် မျက်စိအတွင်းတိမ် လူနာ (၈)ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး ဦးနှောက်နှင့်အာရုံကြောရောဂါဆိုင်ရာ လူနာ(၁)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါဆိုင်ရာ လူနာ (၂)ဦး၊ အရိုးရောဂါဆိုင်ရာလူနာ (၁)ဦးတို့ကို ရန်ကုန်ရှိ သက်ဆိုင်ရာဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်သည် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဇန်နဝါရီ (၁၃)ရက်တွင် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများအား လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခြင်း၊ ဇန်နဝါရီ (၁၃)ရက်နှင့် (၁၄)ရက်တို့တွင် အထူးကုဆေးကုသရေးအစီအစဉ်သို့ လာရောက်ပြသကုသမှုခံယူကြသော လူနာများကို ကြည့်ရှုအားပေးပြီး ပါမောက္ခ/အထူးကုဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကား ပြောကြားခြင်း၊ ဒေသထွက် လက်ဆောင်များပေးအပ်ခြင်း၊ ညစာအတူသုံးဆောင်ခြင်း တို့ကို ဆောင်ရွက်ခဲ့သည်။ လာရောက်ပြသသော လူနာများကို သံတွဲမြို့မှ သိမ်ကုန်းကျောင်းဆရာတော် ဘဒ္ဒန္တတေဇိန္ဒနှင့် အလှူရှင်များက နေ့လယ်စာ အာဟာရဒါန ထမင်းလှူဒါန်းခဲ့သည်။

ရန်ကုန်/မန္တလေး/နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super specialty) ပါမောက္ခ/ အထူးကုဆရာ ဝန်ကြီးများ၏ အထူးကုကွင်းဆင်းကုသရေးခရီးစဉ်များကို ၂၀၂၃ ခုနှစ်အတွင်း (၁၅)ကြိမ်၊ ၂၀၂၄ ခုနှစ် အတွင်း တောင်ကြီးမြို့၊ ပြည်မြို့နှင့် ယခုသံတွဲမြို့တို့၌ ဆောင်ရွက်ထားရှိပြီး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)