နေပြည်တော်၊ မတ် ၁၇
ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန် လူတိုင်းသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်စေရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အထူးကုဘာသာရပ်ဆိုင်ရာ ကုသမှုများကို ပြည်သူများ လက်လှမ်းမီရရှိနိုင်ရေးအတွက် ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေး အဖွဲ့များဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ မတ် (၁၅) ရက်မှ (၁၆) ရက်အထိ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ခုတင် (၅၅၀) ဆံ့ ကလေးဆေးရုံကြီး - မန္တလေး၊ မျက်စိရောဂါ အထူးကုဆေးရုံကြီး - ရန်ကုန်နှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီး - မန္တလေးတို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ သို့ သွားရောက်ကာ ပြည်သူ့ဆေးရုံကြီး-ကျိုင်းတုံမြို့မှ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများဆောင်ရွက်ပေးခဲ့သည်။
အဆိုပါအထူးကု ဆေးကုသရေးအစီအစဉ်တွင် ကျိုင်းတုံမြို့ပေါ်သာမက အနီးတဝိုက်ရှိ မြို့နယ် (၁၃) မြို့နယ်မှ ပြည်သူများ လာရောက်ပြသခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ (၈၇) ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ (၄၉) ဦး၊ အသည်းဆေးကုသမှုဆိုင်ရာလူနာ (၂၂) ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာလူနာ (၆၀) ၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာလူနာ (၂၄) ဦး၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာလူနာ (၉) ဦး၊ အထွေထွေရောဂါဆေးပညာလူနာ (၉၅) ဦး၊ ကင်ဆာရောဂါဆိုင်ရာလူနာ (၈) ဦး၊ အရိုးအကြောအဆစ် ရောဂါဆိုင်ရာလူနာ (၁၀၂) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာ လူနာ (၄၇) ဦး၊ မျက်စိရောဂါဆိုင်ရာလူနာ (၂၂၅) ဦး၊ ကလေးဦးနှောက်နှင့် အာရုံကြောရောဂါ လူနာ (၉) ဦး၊ အခြားကလေးလူနာ (၂၂) ဦး၊ ခွဲစိတ်ရောဂါဆိုင်ရာ လူနာ (၃၆) ဦး၊ အရိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ စိတ်ကျန်းမာရေးဆိုင်ရာနှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆိုင်ရာလူနာ (၄၃) ဦး၊ စုစုပေါင်း ဒေသခံပြည်သူ (၈၃၈) ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့သည်။

အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း (Echocardiography) (၆၂)ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (OGDS) (၆)ဦး၊ အူမကြီး မှန်ပြောင်းကြည့်ရှုခြင်း (Colonoscope) နှစ်ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း မှန်ပြောင်းကြည့်ရှုခြင်း ရှစ်ဦး၊ ကွန်ပျူတာ ဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan) ငါးဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း (၈၇) ဦး၊ ဓာတ်ခွဲ စမ်းသပ်ခြင်း (၁၈၄) ဦး၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း (၃၄) ဦး၊ Ultrasound ရိုက်ကူးခြင်း (၂၇) ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း (ECG) (၁၂၈) ဦးတို့ကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှု (၁၈) ဦး၊ အရိုးရောဂါဆိုင်ရာခွဲစိတ်ကုသမှုသုံးဦး၊ အထွေထွေခွဲစိတ်ကုသမှု ငါးဦး၊ သားဖွားမီးယပ်လူနာခွဲစိတ်ကုသမှု သုံးဦးတို့ကို ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာ လူနာ နှစ်ဦး၊ အရိုးအကြောအဆစ်ရောဂါဆိုင်ရာလူနာတစ်ဦး၊ မျက်စိရောဂါဆိုင်ရာလူနာ ခုနစ်ဦးတို့ကို လိုအပ်သော စစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးခဲ့သည်။ မျက်စိအတွင်းတိမ်ခွဲစိတ်ကုသမှု အားဖြည့် ဆောင်ရွက်ရန်အတွက် စေလွှတ်ထားသည့် မျက်စိအထူးကု ကွင်းဆင်းဆေးအဖွဲ့သည် မတ်လ (၂၃) ရက်အထိ ပြည်သူ့ဆေးရုံကြီး - ကျိုင်းတုံမြို့၌ မျက်စိရောဂါလူနာများ ကြည့်ရှုကုသခြင်းနှင့် မျက်စိခွဲစိတ်ကုသမှုများ ဆက်လက်ဆောင်ရွက်မည် ဖြစ်သည်။
အဆိုပါအစီအစဉ်နှင့်အတူ ကျိုင်းတုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ခဲ့ရာ စုစုပေါင်းဒေသခံပြည်သူ (၉၁) ဦးတို့ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့သည်။
ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မတ် (၁၆) ရက်တွင် အထူးကု ဆေးကုသရေးအစီအစဉ် ဆောင်ရွက်ရာနေရာသို့ လာရောက်ပြီး ပြသကုသမှုခံယူကြသော လူနာများကို အားပေးစကားပြောကြားကာ မျက်စိခွဲစိတ်ထားသည့်လူနာများကို နေကာမျက်မှန်များ တပ်ဆင်ပေးအပ်ခြင်း၊ ကာကွယ်ဆေးထိုးနှံမှုကို ကြည့်ရှုအားပေးခြင်းနှင့် လာရောက်ပြသသည့် လူနာများကို နေ့လယ်စာအာဟာရများ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ အထူးကုသမှု (Super specialty) ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ၏ အထူးကုဆေးကုသရေးအစီအစဉ်များကို ၂၀၂၄ ခုနှစ်အတွင်း အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များ၌ ဆောင်ရွက်လျက်ရှိပြီး ကျိုင်းတုံမြို့ အပါအဝင် (၁၂)ကြိမ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်