နေပြည်တော် ဇန်နဝါရီ ၃
(၇၆) မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး (၅)ထပ်ကုသဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ်လည်းကောင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၂)ရက်နှင့် (၃)ရက်တို့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)-ရန်ကုန်တို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေး အဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ဒုတိယအကြိမ်အဖြစ် သွားရောက်၍ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါခရီးစဉ်အတွင်း နှလုံးရောဂါဆိုင်ရာလူနာ (၇၇)ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ (၁၉)ဦး၊ ဦးနှောက်နှင့်အာရုံကြော ဆေးကုသမှုဆိုင်ရာလူနာ (၅၉)ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲ စိတ်ကုသမှုဆိုင်ရာလူနာ (၁၈)ဦး၊ ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာရောဂါ ဆိုင်ရာလူနာ (၃၀)၊ အထွေထွေရောဂါဆေးပညာဆိုင်ရာလူနာ (၁၇၃)ဦး၊ ရင်ခေါင်း ရောဂါဆိုင်ရာလူနာ (၁၄)ဦး၊ ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာလူနာ (၆၄)ဦး၊ အရေပြားရောဂါဆိုင်ရာလူနာ (၂၄)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာလူနာ (၄)ဦး၊ မျက်စိရောဂါဆိုင်ရာလူနာ (၁၄)ဦး၊ အထွေထွေခွဲစိတ်လူနာ (၁၉)ဦး၊ အရိုးရောဂါလူနာ (၁၆)ဦး၊ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး ရောဂါဆိုင်ရာလူနာ (၁၄)ဦး၊ ကလေးရောဂါ ဆိုင်ရာလူနာ (၅)ဦး၊ သားဖွားမီးယပ်ရောဂါဆိုင်ရာလူနာ (၁၆)ဦး၊ သွားနှင့်ခံတွင်းရောဂါဆိုင်ရာလူနာ (၃)ဦး၊ စုစုပေါင်းဒေသခံပြည်သူ (၅၆၉)ဦးကို ကြည့်ရှု ကုသမှုပေးခဲ့ပြီး နှလုံးပုံရိပ်ဖော်စက် ဖြင့်ကြည့်ရှုခြင်း(Echocardiography) (၅၅)ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ရှုခြင်း (OGDS) (၅)ဦး၊ အစာအိမ်ပိုးစစ်ဆေးခြင်း (၃)ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့်စစ်ဆေးခြင်း (CT scan) (၅)ဦး၊ သံလိုက်ဓာတ်မှန်ဖြင့်စစ်ဆေးခြင်း (MRI) (၃)ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း (၉၇)ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း (၂၁၃)ဦး၊ သွေးချို ဓာတ်စစ်ဆေးခြင်း(HbA1C) (၈၈)ဦး၊ Ultrasound ရိုက်ကူးခြင်း (၁၂၀)ဦးနှင့် နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) (၁၅၃)ဦးတို့ကို စမ်းသပ်စစ်ဆေး ကုသဆောင်ရွက်နိုင်ခဲ့သည်။
လာရောက်ပြသသော လူနာများတွင် ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီး၊ ရွှေညောင်၊ ညောင်ရွှေ၊ ပင်လောင်း၊ ဖယ်ခုံ၊ နမ့်ဆမ်၊ ရပ်စောက်၊ ရွာငံ၊ ဟိုပုံး၊ မိုးနဲ၊ ပင်းတယ၊ ဆီဆိုင်၊ အောင်ပန်းမြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ ပါဝင်ပြီး ရောဂါရှာဖွေစစ်ဆေးမှုနှင့် ကုသမှုဆက်လက်ဆောင်ရွက်ရန် လိုအပ်သောလူနာ(၁၂)ဦးကို ရန်ကုန်ရှိ သက်ဆိုင်ရာဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှုဆောင်ရွက်ပေးနိုင်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း သည် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ဇန်နဝါရီ (၁)ရက်၌ အထူးကုဆေးကုသရေးအဖွဲ့မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားသည်။ အလားတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇန်နဝါရီ (၂)ရက် နံနက်ပိုင်းတွင် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၌ လာရောက်ပြသကုသမှုခံယူကြသော လူနာများကို ကြည့်ရှုအားပေး ကျေးဇူးတင်စကားပြောကြား၍ နေ့လယ်စာအတူ သုံးဆောင်ကာ ဒေသထွက်လက်ဆောင်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ရန်ကုန်/မန္တလေးမှ အထူးကုသမှုဆိုင်ရာ (Super specialty) ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်းကုသရေးခရီးစဉ်များအပြင် ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ ပြည်သူ့ဆေးရုံများမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော အထူးကုဆေးကုသရေး အဖွဲ့များသည် ကွင်းဆင်းကုသမှုခရီးစဉ်များ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်အတွင်း (၁၁၆)ကြိမ် ဆောင်ရွက်ထားရှိကြောင်းနှင့် ၂၀၂၄ ခုနှစ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်