နေပြည်တော် စက်တင်ဘာ ၁၀
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးနှင့် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)-ရန်ကုန်တို့မှ နှလုံးရောဂါ ဆေးပညာ၊ အထွေထွေရောဂါဆေးပညာ၊ အစာအိမ်နှင့်အူလမ်းကြောင်း ဆေးပညာ၊ ဆီးနှင့်ကျောက်ကပ် ဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြောဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ပညာ၊ ဆီးချိုနှင့်ဟော်မုန်း ဆေးပညာ၊ သွေးရောဂါဆေးပညာ၊ အရိုးအကြောအဆစ် ဆေးပညာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် စက်တင်ဘာ ၉ ရက်နှင့် ၁၀ရက်တို့တွင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့ သွားရောက်၍ ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့မှ အထူးကုဆရာဝန်များနှင့်အတူ ဒေသခံပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။
အဆိုပါခရီးစဉ်အတွင်း နှလုံးရောဂါဆိုင်ရာ (၂၃၄)ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ (၁၂၄)ဦး၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှုဆိုင်ရာ (၂၃၃)ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာ (၂၂)ဦး၊ ဆီးနှင့်ကျောက်ကပ်ရောဂါဆိုင်ရာ (၇၉)ဦး၊ သွေးရောဂါဆိုင်ရာ (၄၉)ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ (၁၃၉)ဦး၊ အထွေထွေရောဂါဆေးပညာဆိုင်ရာ (၁၄၄)ဦး၊ အရိုးအကြောအဆစ်ရောဂါ ဆိုင်ရာ (၁၈၉)ဦး၊ စုစုပေါင်းဒေသခံပြည်သူ (၁၂၁၃)ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့ပြီး နှလုံးပုံရိပ်ဖော်စက် ဖြင့်ကြည့်ရှုခြင်း(Echocardiography) (၃၈)ဦး၊ အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (OGDS) (၅)ဦး၊ ခါးရိုးဆစ်မှအရည်ဖောက်ထုတ်စမ်းသပ်စစ်ဆေးခြင်း (၁)ဦး၊ အရိုးအဆစ်အတွင်းဆေးထိုး၍ ကုသမှုပေးခြင်း (၂)ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan) (၁၀)ဦး၊ ဓာတ်မှန်ဖြင့် ရောဂါ ရှာဖွေခြင်း (၇၂)ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း (၅၀၅)ဦး၊ Ultrasound ရိုက်ကူးခြင်း (၉၂)ဦး၊ နှလုံးစက် ဖြင့်စစ်ဆေးခြင်း (ECG)(၂၃၅)ဦး၊ သွေးချိုဓာတ် (HbA1C)တိုင်းတာခြင်း (၁၁၁)ဦးတို့ကို စမ်းသပ်စစ်ဆေး ကုသပေးနိုင်ခဲ့သည်။
လာရောက်ပြသသော လူနာများတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ပုလော၊ တနင်္သာရီနှင့် ကျွန်းစုမြို့နယ်များမှ မြို့ပေါ်နှင့်ကျေးလက်နေပြည်သူများ ပါဝင်ပြီး ဦးနှောက်နှင့် အာရုံ ကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ (၂)ဦးနှင့် နှလုံးရောဂါဆိုင်ရာလူနာ (၆)ဦးတို့ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ဆက်လက်ကုသမှုခံယူနိုင်စေရေး လွှဲပြောင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထို့ပြင် အစာအိမ်အူလမ်းကြောင်းဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြောဆေးပညာနှင့် ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက သက်ဆိုင်ရာ အတွင်းလူနာများကို ကြည့်ရှု ပြီး ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဒေသခံအထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့၌ လာရောက်ပြသကုသမှု ခံယူ ကြသော လူနာများကိုကြည့်ရှုအားပေးပြီး နေ့လယ်စာ စားသောက်ဖွယ်ရာနှင့်သောက်ရေသန့်များ လှူဒါန်းသည်၊၊ ယင်းနောက်ပါမောက္ခ/အထူးကုဆရာဝန်ကြီးများကို ကျေးဇူးတင်စကားပြောကြားကာ ဒေသထွက် လက်ဆောင်ပေးအပ်သည်။
ညပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးသန့်ဇင် သည် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့် ညစာအတူတကွသုံးဆောင်သည်။
အထူးကုဆေးကုသရေးအဖွဲ့များသည် ၂၀၂၃ ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ (၃)ကြိမ်နှင့် ပုသိမ်မြို့၊ တောင်ကြီးမြို့၊ မကွေးမြို့၊ ပြည်မြို့နှင့် မိတ္ထီလာမြို့များသို့ သွားရောက်၍ဆေးကုသမှုများ ဆောင်ရွက်ပြီးဖြစ်ကာ ကျန်တိုင်းဒေသကြီး/ပြည်နယ်များသို့လည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်