နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝ တိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေး ကောင်းမွန်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အထူးကုဘာသာရပ်ဆိုင်ရာကုသမှုများကို ပြည်သူများ လက်လှမ်းမီ ရရှိနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မှ ပါမောက္ခအထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိ သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၊ ကလေးဆေးရုံကြီး - ရန်ကုန်နှင့် ခုတင် - ၅၅၀ ဆံ့ ကလေးဆေးရုံကြီး ရန်ကုန်တို့မှ ပါမောက္ခ အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ ဒုတိယအကြိမ်အဖြစ် သွားရောက်၍ ပြည်သူ့ဆေးရုံကြီး မြိတ်မြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ အဆိုပါခရီးစဉ်အတွင်း နှလုံးဆေးကုသမှုဆိုင်ရာလူနာ (၂၁၀)၊ အစာအိမ်အူလမ်းကြောင်း ဆိုင်ရာလူနာ (၁၆၀)၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှု ဆိုင်ရာလူနာ (၁၉၀)၊ ဦးနှောက် နှင့် အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာလူနာ (၂၁) ဦး၊ အထွေထွေရောဂါ ဆေးပညာဆိုင်ရာလူနာ (၁၂၄) ဦး၊ ရင်ခေါင်းဆေးကုသမှု ဆိုင်ရာလူနာ (၅၉) ဦး၊ အရိုးအကြောအဆစ် ရောဂါဆိုင်ရာလူနာ (၂၈၃) ဦး၊ ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာလူနာ (၁၁၉) ဦး၊ ဆီးနှင့် ကျောက်ကပ်ဆေး ကုသမှုဆိုင်ရာလူနာ (၁၀၈) ဦး၊ ကလေးနှလုံးဆေးကုသမှုဆိုင်ရာလူနာ (၄၅) ဦး၊ ကလေးကင်ဆာရောဂါဆိုင်ရာလူနာ (၇၆) ဦး၊ ကလေးဦးနှောက်နှင့် အာရုံကြောလူနာ (၄၇) ဦး၊ မျက်စိရောဂါလူနာ (၈၉) ဦး၊ သွားနှင့်ခံတွင်းလူနာ (၃၀) စုစုပေါင်း ဒေသခံပြည်သူ (၁,၅၆၁) ဦးကို ကြည့်ရှုကုသပေးနိုင်ခဲ့သည်။

လာရောက်ပြသသောလူနာများတွင် မြိတ်မြို့သာမက မြိတ်ခရိုင်အတွင်းရှိမြို့နယ် (၅) မြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများပါဝင်ပြီး ရောဂါရှာဖွေ စမ်းသပ်မှုများအနေဖြင့် နှလုံးပုံရိပ် ဖော်စက်ဖြင့်ကြည့်ရှုခြင်း (Echocardiography) (၇၅)ဦး၊ အစာအိမ်မှန်ပြောင်း ကြည့်ရှုခြင်း (OGD Scope) (၂၃) ဦး၊  အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း (Colonoscope) (၂) ဦး၊ ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ကူးခြင်း (၁၈) ဦး၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း (၈၀)၊ အဆစ်တွင်းဆေးထိုး၍ ကုသမှုပေးခြင်း (၄) ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း (၉၀)၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း (၂၃၃) ဦး၊ Ultrasound ရိုက်ကူးခြင်း (၅၄) ဦး၊ အဆုတ်စမ်းသပ်စစ်ဆေးခြင်း (PEFR) (၃၄) ဦးနှင့် နှလုံးစက်ဖြင့်စစ်ဆေးခြင်း (ECG) (၁၇၉) ဦးတို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ (၁၅) ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ (၂) ဦး၊ ရင်ခေါင်းရောဂါလူနာ (၂) ဦး၊ ဆီးနှင့် ကျောက်ကပ်ရောဂါ လူနာ (၁၂) ဦး၊ ကလေးကင်ဆာရောဂါလူနာ (၂) ဦး၊ ကလေးဦးနှောက်နှင့် အာရုံကြောရော ဂါလူနာ (၈) ဦး၊ ကလေးနှလုံး ရောဂါဆိုင်ရာလူနာ (၁၇) ဦးတို့ကို လိုအပ်သောစစ်ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် ရန်ကုန်ရှိသက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ (၁၁) ရက် ညနေပိုင်းတွင် အထူးကုဆေးကုသရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပါမောက္ခဒေါက်တာရဲထွန်း၊ ပါမောက္ခဌာနမှူး (ရင်ခေါင်းဆေးကု) က နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်း ရောဂါများဖြစ်သည့် ပန်းနာရင်ကြပ်ရောဂါနှင့် အဆုတ်ပွလေပြွန်ကျဉ်း ရောဂါအကြောင်းကိုလည်းကောင်း၊ ပါမောက္ခဒေါက်တာ မင်းဇော်ဦး၊ ပါမောက္ခ (ဆေးပညာ) က သွေးတိုးရောဂါ အကြောင်းကိုလည်းကောင်း၊ ပါမောက္ခဒေါက်တာစန်းစန်းဝင်း ပါမောက္ခ (ဆီးချိုနှင့်ဟော်မုန်း) က ဆီးချိုသွေးချိုရောဂါ အကြောင်းကိုလည်းကောင်း ကျန်းမာရေးဝန်ထမ်းများနှင့် လာရောက်ပြသသူ လူနာများကို အသိပညာပေး ဟောပြောခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၀ ရက်ကလည်းကောင်း၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၁၁ ရက်တွင် လည်းကောင်း လာရောက်ပြသကုသမှု ခံယူကြသောလူနာများကို ကြည့်ရှုအားပေး၍ ပါမောက္ခ အထူးကုဆရာဝန်ကြီးများကို  ကျေးဇူးတင်စကားပြောကြားကာ ဒေသထွက်လက်ဆောင်များပေးအပ်ပြီး ညစာအတူ သုံးဆောင်ကြသည်။

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super specialty) ပါမောက္ခ၊ အထူးကု ဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်းကုသရေး ခရီးစဉ်များကို ၂၀၂၃ ခုနှစ်အတွင်း (၁၅) ကြိမ်၊ ၂၀၂၄ ခုနှစ်အတွင်း (၇) ကြိမ် ဆောင်ရွက်ထားရှိပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်